F-35 ဂျက်တိုက်လေယာဉ်တွေထားဖို့ တောင်တန်းအခြေစိုက် လေတပ်စခန်းဟောင်းကို နော်ဝေနိုင်ငံက ပြန်လည်ဖွင့်လှစ်အသုံးပြု
PUBLISHED - June 29, 2024
နိုင်ငံတကာ၊ ဇွန် ၂၉
တော်ဝင်နော်ဝေလေတပ်ဟာ နှစ်ပေါင်း ၄၀ အသုံးမပြုဘဲထားတဲ့ ဘားဒက်ဖက်စ်လေတပ်စခန်းကို ပြန်လည် အသုံးပြုဖို့ အခုလအတွင်းကပဲ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
အသစ်ရောက်ရှိလာမယ့် F-35A Lightning II ဂျက်တိုက်လေယာဉ်တွေကို လေယာဉ်ဂိုဒေါင်နဲ့ ဆက်စပ်ပစ္စည်း တွေ အဆင့်မြှင့်တင်ထားတဲ့ တောင်ကိုဖောက်ထွင်းပြီးတည်ဆောက်ထားတဲ့ အဲဒီလေတပ်စခန်းမှာ ထားရှိသွား မှာဖြစ်ပါတယ်။
နော်ဝေနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အဲဒီလေတပ်စခန်းဟာ နော်ဝေလေယာဉ်တွေကို လေကြောင်းက တိုက်ခိုက်မှု မခံရအောင်ကာကွယ်ထားတဲ့ သဘာဝအတားအဆီးတစ်ခုလည်းဖြစ်ပါတယ်။
“လုံခြုံရေးမူဝါဒအခြေအနေတွေ ယိုယွင်းလာတာနဲ့ ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲက လေတပ်အနေနဲ့ ပိုပြီး ပါး နပ်ထက်မြက်လာဖို့ လိုအပ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။” လို့ ပူးတွဲလေကြောင်းစစ်ဆင်ရေးစင်တာရဲ့အကြီးအ ကဲ ဗိုလ်မှူးချုပ်ထရွန်စထရန်းက ပြောပါတယ်။
“စွမ်းရည်ကောင်းတဲ့ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေက မလုံလောက်သေးပါဘူး။ စစ်ပွဲဖြစ်လာတဲ့အခါ မြေပြင်မှာရှိတဲ့လေယာဉ်တွေဟာ တိုက်ခိုက်ရလွယ်ကူပါတယ်။ တခြားတစ်ဖက်ကကြည့်ရင်လည်း ကျွန်တော် တို့ဟာ အီးဗန်းနက်စ်နဲ့ အော်လန်း လေတပ်စခန်းအတွက် လေကြောင်းရန်ကာကွယ်ရေးကို သိသိသာသာ တိုး မြှင့်ဆောင်ရွက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရေရှည်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။” လို့ ၎င်းက ပြောပါတယ်။
ဒီလေတပ်စခန်းဟာ နေတိုးအဖွဲ့ရဲ့ “တိုက်ခိုက်ရေးတပ်များ အလျင်အမြန် အသုံးပြုနိုင်ရေးမူ” (ACE မူ) ရဲ့ အ စိတ်အပိုင်းတစ်ရပ်အဖြစ် နော်ဝေလေတပ်နဲ့ ဒေသတွင်းက မဟာမိတ်လေတပ်တွေရဲ့ ပိုမိုများပြားလာတဲ့ လှုပ် ရှားမှုတွေအတွက် အသင့်ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။
“ဘားဒက်ဖက်စ်လေတပ်စခန်းဟာ နော်ဝေလေတပ်၊ နော်ဒစ်နိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေရဲ့လေတပ်တွေ နောက်ထပ်စွမ်းအားမြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့ လေတပ်စခန်းတစ်ခုဖြစ်ပါတယ်။” လို့ ဗိုလ်မှူးချုပ်စထရန်းက ပြောပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေးဟာ ACE မူဝါဒ အခြေခံစည်းမျဉ်းတွေထဲက တစ်ခုဖြစ်ပြီး ဘားဒက်ဖက်စ်လေတပ် စခန်းဟာ တိုက်လေယာဉ်တွေထားဖို့နဲ့ ယာယီပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရုပ်ပိုင်းဆိုင်ရာအကာအကွယ်တွေနဲ့အတူ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လေတပ်စခန်းတစ်ခုဖြစ်ပါတယ်။
Ref: Norway Reopens Mountain Air Base to F-35s
#PeopleMedia