• Follow Us on

Home F-35 ဂျက်တိုက်လေယာဉ်တွေမှာ AGM-88 ဒုံးကျည်တွေတပ်ဆင်ဖို့ လော့ဟိမာတင်ကုမ္ပဏီကို ရွေးချယ်

F-35 ဂျက်တိုက်လေယာဉ်တွေမှာ AGM-88 ဒုံးကျည်တွေတပ်ဆင်ဖို့ လော့ဟိမာတင်ကုမ္ပဏီကို ရွေးချယ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

 

F-35 ဂျက်တိုက်လေယာဉ်တွေမှာ မြန်နှုန်းမြင့် ရေဒီယိုလှိုင်းခြေရာခံဒုံးကျည် AGM-88G (AGM-88G High-Speed Anti-Radiation Missiles – HARMs) တွေတပ်ဆင်ဖို့အတွက် လော့ဟိမာတင်ကုမ္ပဏီကို ရွေးချယ် လိုက်ကြောင်း သိရပါတယ်။

 

အခုအစီအစဉ်သစ်အရ AGM-88 ဒုံးကျည်တွေကို အမေရိကန်လေတပ်၊ အမေရိကန်ရေတပ်၊ အမေရိကန်မရိန်း တပ်နဲ့ ပြည်ပနိုင်ငံစစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးအစီအစဉ်အရ ရောင်းချထားတဲ့နိုင်ငံတွေမှာရှိတဲ့ F-35 A/B/C ဂျက်တိုက်လေယာဉ် အားလုံးမှာ တပ်ဆင်သွားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

AGM-88 ဒုံးကျည်တွေ တပ်ဆင်ပေးခြင်းအပြင် သြစတေးလျ၊ ကနေဒါ၊ အီတလီ၊ နော်ဝေ၊ ဗြိတိန်၊ ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတွေက F-35 ဂျက်တိုက်လေယာဉ်တွေကိုလည်း Lot 17 ခေါ် စစ်ဆင်ရေးသတင်းအချက်အ လက်ဖိုင်တွေကို ထပ်မံအဆင့်မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။

 

ကန်ထရိုက်စာချုပ်ပါ အဓိကလုပ်ငန်းတွေကို တက္ကဆက်ပြည်နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လအတွင်း အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

AGM-88 ဒုံးကျည်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အမရိကန်ရေတပ်မှာစတင်အသုံးပြုခဲ့တဲ့ ဝေဟင်- မြေပြင်ပစ် နည်းဗျူဟာမြောက်ဒုံးကျည်ဖြစ်ပါတယ်။

 

AGM-88 ဒုံးကျည်ဟာ ရန်သူ့ရေဒါကထုတ်လွှင့်တဲ့ရေဒီယိုလှိုင်းတွေအတွင်း ခြေရာခံပြီး အဲဒီရေဒါပစ်မှတ်ကို တိုက်ခိုက်ဖျက်ဆီးပစ်နိုင်ပါတယ်။

 

ဒီဒုံးကျည်ဟာ မီးခိုးမထွက်တဲ့ လောင်စာခဲသုံးတွန်းကန်အားရော့ကက်မော်တာကိုအသုံးပြုပြီး ရန်သူ့လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကိုလည်း လုံးဝဖျက်ဆီးပစ်နိုင်ပါတယ်။

 

လက်ရှိအချိန်မှာ F-16C Fighting Falcon ဂျက်တိုက်လေယာဉ်ဟာ AGM-88 ဒုံးကျည်ကို အသုံးပြုနေတဲ့ တစ်ခုတည်းသော ဂျက်တိုက်လေယာဉ်ဖြစ်ကြောင်း အမေရိကန်လေတပ်က ပြောပါတယ်။

 

AGM-88 ဒုံးကျည်ကို အမေရိကန်နိုင်ငံအပြင် သြစတေးလျ၊ အီဂျစ်၊ ဂျာမနီ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂရိနဲ့ အစ္စရေးနိုင်ငံတို့က တပ်မတော်တွေမှာလည်း အသုံးပြုနေပါတယ်။

 

Ref: Lockheed to Integrate AGM-88G Anti-Radiation Missiles on F-35s

 

#PeopleMedia


Share this post