F-35 ဂျက်တိုက်လေယာဉ်တွေ အပြည့်အဝ ထုတ်လုပ်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ခွင့်ပြု
PUBLISHED - March 13, 2024
နိုင်ငံတကာ၊ မတ် ၁၃
လော့ဟိမာတင်ကုမ္ပဏီက လေယာဉ်တွေ စတင်လွှဲပြောင်းပေးပြီး နှစ်ပေါင်းများစွာအကြာမှာ F-35 ဂျက်တိုက် လေယာဉ်တွေ အပြည့်အဝထုတ်လုပ်ဖို့ ပင်တဂွန်စစ်ဌာနချုပ်က တရားဝင် ထောက်ခံခွင့်ပြုလိုက်ပါတယ်။
ပုံမှန်အားဖြင့် အရေအတွက် အပြည့်အဝထုတ်လုပ်ဖို့ဆိုတာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လက်နက်စနစ်တွေအ တွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပေမဲ့ F-35 ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်ဟာ လုပ် ထုံးလုပ်နည်း ပိုမိုရှုပ်ထွေးတယ်လို့ ဆိုပါတယ်။
လော့ဟိမာတင်ကုမ္ပဏီဟာ တစ်နှစ်ကို F-35 ဂျက်တိုက်လေယာဉ် ၁၅၆ စင်း ထုတ်လုပ်နေပြီး ကမ္ဘာတစ်ဝန်း မဟာမိတ်နိုင်ငံတွေကို အစင်းရေ ၁၀၀၀ နီးပါး ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။
“ဒီလိုထောက်ခံခွင့်ပြုချက်ဟာ F-35 စီမံချက်အတွက် အဓိကအောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။ F-35 ဂျက်တိုက် လေယာဉ်ဟာ တည်ငြိမ်သွက်လက်ပြီး ဥပဒေကြောင်းအရရော လုပ်ငန်းထိန်းသိမ်းမှုအရပါ လိုအပ်ချက်အားလုံး ကို ကိုင်တွယ်ဆောင်ရွက်ပြီးဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့အားလုံး၊ F-35 စီမံချက်မိတ်ဖက်အဖွဲ့အစည်းအားလုံး နဲ့ မဟာမိတ်နိုင်ငံဝယ်လက်တွေအားလုံးကို ကာကွယ်ရေးဝန်ကြီးဌာနမှာရှိတဲ့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် တွေချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က အလေးထား ထောက်ပြလိုက်တာပဲဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ဝယ်ပစ္စည်းယူရေးနဲ့ ထိန်းသိမ်းရေးဌာနရဲ့ ဒုတိယအတွင်းဝန် ဘီလ်လာပလန့်က ပင်တဂွန်စစ်ဌာန ချုပ်ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်းဝယ်ယူရေးဘုတ်အဖွဲ့ အစည်းအဝေးအပြီး အင်္ဂါနေ့မှာ အခုလို သမိုင်းဝင်ကြေညာချက်ကို လာပလန့်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က F-35 ဂျက်တိုက်လေယာဉ်တွေ အပြည့်အဝထုတ်လုပ်ခွင့်ပြုဖို့ ၂၀၁၉ ခုနှစ်က စဉ်းစား ခဲ့ပေမဲ့ simulator နဲ့ပတ်သက်တဲ့ နည်းပညာအခက်အခဲတွေနဲ့ COVID-19 ကပ်ရောဂါကြောင့် စမ်းသပ်မှုတွေ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း သဏ္ဍန်တူတိုက်ပွဲဝင်စမ်းသပ်မှုတွေကို အောင်မြင်စွာဆောင်ရွက်နိုင် ခဲ့တဲ့အတွက် အခုလို အပြည့်အဝထုတ်လုပ်ဖို့ လမ်းခင်းပေးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
“သမိုင်းဝင် ခွင့်ပြုချက်ရပြီဖြစ်တဲ့အတွက် ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံး၊ မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်နိုင်ငံ ဝယ်လက်တွေအားလုံးရဲ့ မြင့်တက်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီစီမံချက်က မျိုး ဆက်သစ်ဂျက်တိုက်လေယာဉ်တွေကို လုံလုံလောက်လောက်ထုတ်လုပ် ပို့ဆောင်ပေးသွားတော့မှာဖြစ်ပါ တယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: F-35 finally approved for full-rate production, years late
#PeopleMedia