• Follow Us on
Latest News

Home F-35A ဂျက်တိုက်လေယာဉ် ၂ စင်း ကမ္ဘာ့ပထမဦးဆုံးအဖြစ် ဖင်လန်နိုင်ငံ အဝေးပြေးလမ်းမပေါ်မှာ အောင်မြင် စွာ ဆင်းသက်နိုင်ခဲ့

F-35A ဂျက်တိုက်လေယာဉ် ၂ စင်း ကမ္ဘာ့ပထမဦးဆုံးအဖြစ် ဖင်လန်နိုင်ငံ အဝေးပြေးလမ်းမပေါ်မှာ အောင်မြင် စွာ ဆင်းသက်နိုင်ခဲ့

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

 

လော့ဟိမာတင်ကုမ္ပဏီထုတ် F-35A ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၂ စင်းဟာ ပထမဦးဆုံးသမိုင်းဝင်အဖြစ် အဝေးပြေးလမ်းမတစ်ခုပေါ်မှာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။

 

စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း နော်ဝေတော်ဝင်လေတပ်က လေသူရဲနှစ်ဦးမောင်းနှင်လာတဲ့ အဲဒီ F-35A ဂျက်တိုက်လေယာဉ် ၂ စင်းဟာ ဖင်လန်နိုင်ငံအလယ်ပိုင်းက အဝေးပြေးကားလမ်းမတစ်ခုပေါ်ကို ဆင်း သက်ခဲ့တာဖြစ်ပါတယ်။

 

F-35A ဂျက်တိုက်လေယာဉ် ၂ စင်းဟာ မြေပြင်ကိုရောက်တာနဲ့ စက်မသတ်ဘဲ ချက်ချင်း ဆီဖြည့်ခဲ့ကြပါတယ်။

 

ဒီသမိုင်းဝင်ဖြစ်ရပ်ဟာ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာ F-35A ဂျက်တိုက်လေယာဉ်ရဲ့ ရှင်သန်ရပ်တည်နိုင်စွမ်း ကို မြှင့်တင်ပေးရာမှာ အရေးကြီးတဲ့အဆင့်တစ်ရပ်ဖြစ်ကြောင်း နော်ဝေတော်ဝင်လေတပ်ရဲ့အကြီးအကဲ ဗိုလ် မှူးချုပ် ရော့ဖ်ဖိုလန်က ပြောပါတယ်။

 

ဂျက်တိုက်လေယာဉ်တွေဟာ မြေပြင်မှာရှိနေတဲ့အချိန်တွေမှာ တိုက်ခိုက်ခံရမယ့်အန္တရာယ်ရှိကြောင်း၊ အခုလို အမြန်လမ်းပေါ်မှာဆင်းသက်နိုင်တာဟာ လေယာဉ်ကွင်းထဲမှာလို တိုက်ခိုက်မှုဒဏ်ခံရမယ့်ဘေးက လျော့နည်း သက်သာစေကြောင်း ၎င်းက ပြောပါတယ်။

 

“ဒီဖြစ်ရပ်က သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ နော်ဝေလေတပ်တစ်ခုတည်းအတွက်သာမက နော်ဒစ်နိုင်ငံတွေနဲ့ နေတိုးအဖွဲ့အတွက်ပါ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဖြန့်ခွဲခြင်းအယူအဆကို လက်တွေ့အောင်မြင်စွာ ဆောင်ရွက်ပြသရာမှာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို သရုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

လော့ဟိမာတင်ကုမ္ပဏီထုတ် F-35A ဂျက်တိုက်လေယာဉ်ဟာ အမေရိကန်လေတပ်က သက်တမ်းရင့် F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ A-10 Thunderbolts တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တဲ့ ပဉ္စမမြောက်မျိုးဆက် ဂျက်တိုက်လေယာဉ်ဖြစ်ပါတယ်။

 

F-35A ဂျက်တိုက်လေယာဉ်ဟာ မက်ချ် ၁.၆ (တစ်နာရီကို ကီလိုမီတာ ၁၉၇၅/ ၁၂၂၇ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်ပြီး စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအဝေးကတော့ ရေမိုင် ၁၂၀၀ (၂၂၂၂ ကီလိုမီတာ) ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ် နှစ်လယ်လောက်ဆိုရင် F-35 ဂျက်တိုက်လေယာဉ်ဟာ စုစုပေါင်း ပျံသန်းချိန်နာရီ ၆၅၀,၀၀၀ ရှိ သွားပြီလို့ ဆိုပါတယ်။

 

အမေရိကန်နိုင်ငံမှာ မူကွဲ F-35 ဂျက်တိုက်လေယာဉ် တခြားအမျိုးအစားတွေကိုအသုံးပြုပြီး အဝေးပြေးလမ်းမ တွေမှာ ဆင်းသက်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

 

အခုနှစ်အစောပိုင်းက အမေရိကန်မရိန်းတပ်ဖွဲ့က F-35B ပူးတွဲတိုက်ခိုက်ရေးလေယာဉ်တစ်စင်းကို တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်က ပေ ၅၀ အကျယ်ရှိတဲ့ အဝေးပြေးလမ်းမတစ်ခုပေါ်မှာ ဆင်းသက်ခဲ့ပါတယ်။

 

ဒါပေမဲ့ အဲဒီ F-35B ဂျက်တိုက်လေယာဉ်ဟာ ပြေးလမ်းတိုမှာ တက်လို့ရပြီး ထောင်လိုက်ဆင်းသက်လို့ရအောင် တည်ဆောက်ထားတာဖြစ်တဲ့အတွက် လေယာဉ်တင်သင်္ဘောတွေနဲ့ ကားလမ်းမတွေမှာ အလွယ်တကူ ဆင်း/ တက်နိုင်ပါတယ်။

 

F-35B ဂျက်တိုက်လေယာဉ်နဲ့ မတူတာက နော်ဝေတော်ဝင်လေတပ်က အသုံးပြုနေတဲ့ F-35A ဂျက်တိုက်လေ ယာဉ်တွေဟာ ခရီးသည်တင်လေယာဉ်အများစုလိုပဲ သမရိုးကျလေယာဉ်ပြေးလမ်းမှာ အတက်/အဆင်း လုပ်ရ တဲ့လေယာဉ်တွေဖြစ်ပါတယ်။

 

Ref: Lockheed F-35A Fighter Jets Land on Highway in ‘World First’

 

#PeopleMedia


Share this post