GA-ASI ကုမ္ပဏီက မြောက်ဒါကိုတာမှာ ဒရုန်းသိုလှောင်ရုံအသစ် ဖွင့်လှစ်
PUBLISHED - August 15, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၅
General Atomics Aeronautical Systems ခေါ် GA-ASI ကုမ္ပဏီဟာ မြောက်ဒါကိုတာပြည်နယ် ဂရန်းဖောက် မြို့မှာရှိတဲ့ ဂရန်းစကိုင်းမောင်းသူမဲ့လေယာဉ်စနစ်လုပ်ငန်းအထူးဒေသမှာ မောင်းသူမဲ့လေယာဉ်သိုလှောင်ရုံ အ သစ်တစ်ခု ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီ မောင်းသူမဲ့လေယာဉ်သိုလှောင်ရုံဟာ ဒရုန်းအမျိုးမျိုးကို ကိုင်တွယ်မောင်းနှင်ရာမှာ နိုင်ငံတကာလေယာဉ် ထိန်းချုပ်ရေးဆောင်ရွက်နေသူတွေရဲ့ စွမ်းရည်မြှင့်တင်ပေးဖို့ GA-ASI ကုမ္ပဏီရဲ့ လေ့ကျင့်ရေးကျောင်းတစ်ခု ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီလေယာဉ်သိုလှောင်ရုံကို မောင်းသူမဲ့လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် အသုံးပြုသွားမှာ ဖြစ်သလို အဲဒီအထဲမှာပဲ မောင်းသူမဲ့လေယာဉ် မြေပြင်ထိန်းချုပ်ရေးစခန်းနှစ်ခုကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
အနာဂတ်ကာလ မောင်းသူမဲ့လေယာဉ် မြေပြင်ထိန်းချုပ်ရေးစခန်းတွေ ထည့်သွင်းပေါင်းစပ်သွားဖို့လည်း အစီ အစဉ်တွေရှိကြောင်း သိရပါတယ်။
“ကျွန်တော်တို့ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို မောင်းနှင်ထိန်းသိမ်းရာမှာ လေယာဉ်အဖွဲ့ဝင်တွေကို ကမ္ဘာ့ အဆင့်မီလေ့ကျင့်သင်ကြားပေးပြီး ထောက်ပံ့နိုင်တဲ့ စမ်းသပ်/ လေ့ကျင့်မှုတွေကို လက်ရှိရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဒရုန်းသိုလှောင်ရုံသစ်ဟာ အဲဒီဆောင်ရွက်မှုတွေကို ကိုယ်စားပြုပါတယ်။” လို့ GA-ASI ကုမ္ပဏီရဲ့ CEO လင်ဒန်ဘလူးက ပြောပါတယ်။
GA-ASI ကုမ္ပဏီဟာ လက်ရှိအချိန်မှာ MQ-1 Predator၊ MQ-1C Gray Eagle၊ MQ-9 Reaper၊ MQ-20 Avenger နဲ့ MQ-9B SkyGuardian တို့လို စစ်သုံးမောင်းသူမဲ့လေယာဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ဇူလိုင်လအတွင်းက GA-ASI ကုမ္ပဏီရဲ့ ဒရုန်းထုတ်လုပ်မှုဟာ နိုင်ငံတကာလုံခြုံရေးအတွက် တပ်ဖြန့်ချထားမှုမှာ ပျံသန်းချိန် နာရီပေါင်း ၈ သန်းရောက်ရှိတဲ့အထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
မောင်းသူမဲ့လေယာဉ်သိုလှောင်ရုံဟာ GA-ASI ကုမ္ပဏီနဲ့ မြောက်ဒါကိုတာပြည်နယ်ကြား ပူးပေါင်းဆောင်ရွက်မှု ကို ထပ်မံမြှင့်တင်လိုက်တာဖြစ်ကြောင်း လေယာဉ်သိုလှောင်ရုံဖွင့်ပွဲမှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်ဟိုးဗိန်းက ပြောပါတယ်။
Ref: General Atomics Opens New Aerial Drone Hangar in North Dakota
#PeopleMedia