Gripen ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ Saab ကုမ္ပဏီက ကိုလမ်ဘီယာကို ကမ်းလှမ်း
PUBLISHED - November 14, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄
ဆွီဒင်စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Saab က ကိုလမ်ဘီယာနိုင်ငံကို JAS 39 Gripen ဂျက်တိုက်လေ ယာဉ်တွေရောင်းချပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အရေအတွက် ဖော်ပြမထားတဲ့ Gripen ဂျက်တိုက်လေယာဉ်တွေကို Saab ကုမ္ပဏီက ကိုလမ်ဘီယာနိုင်ငံကို ရောင်းချပေးမယ့် အကြောင်းကို ဆွီဒင် သတင်းဌာန Sveriges Radio က ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြော ကြားလိုက်တာ ဖြစ်ကြောင်း Reuters သတင်းဌာနက ပြောပါတယ်။
လက်တင်အမေရိကနိုင်ငံ ကိုလမ်ဘီယာကို ပြိုင်ဘက်မရှိဘဲ ကမ်းလှမ်းထားတာဖြစ်ကြောင်း Saab ကုမ္ပဏီရဲ့ CEO မိုက်ကယ်လ်ဂျိုဟန်ဆန်က မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
ကိုလမ်ဘီယာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘရာဇီးနိုင်ငံအတွက် Gripen ဂျက်တိုက်လေယာဉ် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရောင်းချပေးဖို့ ပြီးခဲ့တဲ့အပတ်က ဆွီဒင်အစိုးရနဲ့ ကာကွယ်ရေးစာချုပ်ချုပ်ဆိုလိုက်ပြီးနောက် အခုလို ပြောကြားချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံက တောင်အမေရိကနိုင်ငံ ဘရာဇီးကို ၂၀၁၄ ခုနှစ်မှာ Gripen ဂျက်တိုက်လေယာဉ် ၃၆ စင်း စတင် ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ဒီကနေ့အချိန်အထိ ဆွီဒင်က ဘရာဇီးကို နောက်ထပ် Gripen ဂျက်တိုက်လေယာဉ် ၈ စင်း ထပ်မံပို့ဆောင်ပေးခဲ့ ပြီးဖြစ်ပြီး Saab ကုမ္ပဏီက ဘရာဇီးအတွက် ဂျက်တိုက်လေယာဉ်တွေ ထပ်မံထုတ်လုပ်ပေးရာမှာ အထောက်အ ကူဖြစ်စေဖို့အတွက် ဘရာဇီးနိုင်ငံမှာ ၂၀၂၃ ခုနှစ်က တိုက်လေယာဉ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံ ဖွင့်လှစ်ခဲ့ပါ တယ်။
အဲဒီစက်ရုံကနေ ဘရာဇီးအတွက် Gripen ဂျက်တိုက်လေယာဉ် ၁၅ စင်း ထပ်မံထုတ်လုပ်ပေးသွားမှာဖြစ်ပါ တယ်။
Saab ကုမ္ပဏီကနဲ့ ဘရာဇီးအစိုးရတို့ဟာ ပီရူးနိုင်ငံအပါအဝင် တခြားလက်တင်အမေရိကနိုင်ငံက ဝယ်လက် တွေအတွက် ဂျက်တိုက်လေယာဉ်တွေထုတ်လုပ်ပေးနိုင်ဖို့ Gripen ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးပင်မ စက်ရုံတည်ဆောက်မယ့်နေရာကို ရွေးချယ်ဖို့ စီစဉ်နေပါတယ်။
Gripen ဂျက်တိုက်လေယာဉ်ဟာ ၅၂ ပေ (၁၆ မီတာ) ရှည်လျားပြီး တောင်ပံနှစ်ဖက်ထိပ်အကွာအဝေးက ပေ ၃၀ (၉ မီတာ) အရှည်ရှိပါတယ်။
တစ်နာရီကို ၁၃၀၅ မိုင် (၂၁၀၀ ကီလိုမီတာ) ပျံသန်းနိုင်တဲ့ Gripen ဂျက်တိုက်လေယာဉ်ဟာ လက်နက်အလေး ချိန် ၁၅,၈၇၃ ပေါင် (၇,၂၀၀ ကီလိုဂရမ်) သယ်ဆောင်နိုင်ပါတယ်။
General Electric ကုမ္ပဏီထုတ် F414 တာဘိုအင်ဂျင်တစ်လုံးတပ်ဆင်ထားတဲ့ Gripen ဂျက်တိုက်လေယာဉ် မှာ ဝေဟင်-ဝေဟင်ပစ်ဒုံးကျည်တွေ၊ ဝေဟင်-မြေပြင်ပစ်ဒုံးတွေနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ တပ်ဆင်ထားပါ တယ်။
Ref: Saab Confirms Gripen Supersonic Fighter Jet Offer to Colombia
#PeopleMedia