• Follow Us on

Home KF-21 ဂျက်တိုက်လေယာဉ်အင်ဂျင်အတွက် ဟန်ဝှာကုမ္ပဏီကို ရွေးချယ်

KF-21 ဂျက်တိုက်လေယာဉ်အင်ဂျင်အတွက် ဟန်ဝှာကုမ္ပဏီကို ရွေးချယ်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၄

 

တောင်ကိုရီးယား စစ်လက်နက်ပစ္စည်းစုဆောင်းရေးစီမံကိန်းအဖွဲ့ (DAPA) ဟာ ၎င်းတို့ရဲ့ KF-21 Boramae ဂျက်တိုက်လေယာဉ်သစ်အတွက် အင်ဂျက်တွေပေးသွင်းဖို့ ဟန်ဝှာလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ (Hanwha Aerospace) ကို ရွေးချယ်လိုက်ပါတယ်။

 

ဒေါ်လာ ၄၀၁ သန်းတန်ကြေးရှိတဲ့ စာချုပ်အရ ဘက်စုံသုံးတိုက်လေယာဉ်တွေအတွက် F414 အင်ဂျင်အလုံး ၄၀ ကျော်ကို ဟန်ဝှာကုမ္ပဏီက ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။

 

စာချုပ်အရ အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းလက်စွဲစာအုပ်တွေနဲ့ hardware ၊ software နဲ့ ကွန်ပျူတာကွန်ရက် စနစ် မှားယွင်းမှုတွေကို ခွဲခြမ်းစိတ်ဖြာပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေကိုပါ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

 

ဒီသဘောတူစာချုပ်ဟာ ကမ္ဘာတစ်ဝန်း စစ်ဆင်ရေးအမျိုးမျိုးကိုပံ့ပိုးနိုင်တဲ့ မျိုးဆက်သစ်အင်ဂျင်နည်း ပညာတွေ ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်မယ့် ဟန်ဝှာကုမ္ပဏီရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် လှေကားထစ်တစ်ခုဖြစ် ကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

ဟန်ဝှာကုမ္ပဏီအနေနဲ့ လက်ရှိအချိန်မှာ ဆဋ္ဌမမျိုးဆက်အင်ဂျင်နည်းပညာတွေနဲ့ပတ်သက်ပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

“ကိုရီးယားနိုင်ငံမှာ လေယာဉ်အင်ဂျင်တွေကို အထူးကျွမ်းကျင်စွာထုတ်လုပ်နေတဲ့ တစ်ခုတည်းသော ကုမ္ပဏီ အနေနဲ့ အရည်အသွေးမြင့်အင်ဂျင်တွေကို ထုတ်လုပ်ပံ့ပိုးသွားဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချထားပါတယ်။ ရင်းမြစ် အားလုံးကို တိုင်းပြည်ကာကွယ်ရေးအတွက်ပံ့ပိုးဖို့ အကျိုးရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။” လို့ ကုမ္ပဏီပြောခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

 

KF-21 ဂျက်တိုက်လေယာဉ်ဟာ ဒေါ်လာ ၈ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံပြီး တောင်ကိုရီးယားနိုင်ငံ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်ဖြစ်ပါတယ်။

 

ကိုရီးယားလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (Korean Aerospace Industries – KAI) က ဒီဇိုင်းရေးဆွဲထုတ် လုပ်တဲ့ KF-21 ဂျက်တိုက်လေယာဉ်ဟာ အမေရိကန်ထုတ် F-35A Lightning II ဂျက်တိုက်လေယာဉ်နဲ့ ပုံစံတူ လေယာဉ်ဖြစ်ပါတယ်။

 

တစ်နာရီကို မိုင် ၁၄၀၀ နှုန်းအထိ ပျံသန်းနိုင်တဲ့ KF-21 ဂျက်တိုက်လေယာဉ်ဟာ လက်နက်အလေးချိန် ပေါင် ၁၇,၀၀၀ အထိ သယ်ဆောင်နိုင်ပါတယ်။

 

F/A-18E/F Super Hornet ဂျက်တိုက်လေယာဉ်တွေနဲ့ Saab ကုမ္ပဏီထုတ် JAS 39E/F Gripen ဂျက်တိုက် လေယာဉ်တို့ရဲ့ အင်ဂျင်စွမ်းအားမျိုးရရှိအောင် KF-21 ဂျက်တိုက်လေယာဉ်ကို F414 အင်ဂျင်နှစ်လုံးစီတပ်ဆင် သွားမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့လက တောင်ကိုရီးယားအစိုးရက ပထမဦးဆုံးအသုတ်အဖြစ် KF-21 Boramae ဂျက်တိုက်လေယာဉ် အစင်း ၂၀ ကို ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာ ပို့ဆောင်ပေးဖို့ မှာယူခဲ့ပါတယ်။

 

Ref: Hanwha Selected to Supply KF-21 Fighter Jet Engines in $401M Deal

 

#PeopleMedia


Share this post