KIA အနေဖြင့် ငြိမ်းချမ်းရေးကိုအကြောင်းပြ၍ မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်း၊ သယံဇာတပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းများပြုလုပ်၍ အင်အားတိုးချဲ့ခြင်းများပြုလုပ်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - November 30, 2023
နေပြည်တော်၊ နိုဝင်ဘာ ၃၀
KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အကြောင်းပြ၍ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းများပြုလုပ်၍ အင်အားတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက KIA အဖွဲ့အနေဖြင့် ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါသဘောတူစာချုပ်တွင် တပ်မဟာ ၄ ခုနှင့်အခြေပြုစခန်း ၉၄ ခုကို သတ်မှတ်ပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့ အနေဖြင့် နောက်ပိုင်းတွင် ငြိမ်းချမ်း ရေးကို အကြောင်းပြ၍ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ခြင်းများပြုလုပ်၍ အင်အားတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် လိုင်ဇာ၊ လိုင်စင်ပို့(စ်)တို့၌လည်း လက်နက်ခဲယမ်းစက်ရုံများ တည်ဆောက်ခြင်းနှင့် လူအင်အားတိုးချဲ့ခြင်း များဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရကြောင်း ပြောဆိုသည်။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ အစွန်းရောက်သည့် လူငယ်များကို KIA စခန်းများ၌ စစ်ရေးလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ခြင်း၊ တပ်များဖွဲ့စည်းပေးခြင်းနှင့် လက်နက်ခဲယမ်းများတပ်ဆင်ပေးခြင်းများကို အသစ်ဖွဲ့စည်းသည့် KIA တပ်မ ဟာ(၈) က အဓိကဆောင်ရွက်ခဲ့ကြောင်း၊ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ယခုအချိန်အထိ အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့ များ တိုက်ပွဲဖြစ်ပွားနေချိန်၌ KIA အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်းငယ်တစ်ခုကို တိုက်ခိုက် ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် လက်တုန့်ပြန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ရကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း၌ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရာတွင် KIA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသာမက AA အဖွဲ့များပါ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး၊ ခမ်းပတ် မြို့များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ သကဲ့သို့ ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ လိုင် လင်းပီမြို့များကိုလည်း ပစ်ခတ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါဒေသမှ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်နှင့်လက်တွဲ၍ ပူးပေါင်းတိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ သကဲ့သို့ ဒေသခံပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့များ၏ သတင်းများကို တပ်မတော်သို့ ပေးပို့ခြင်းကြောင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ပြောဆိုခဲ့သည်။
#PeopleMedia