KNU/PDF အဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတားကို မွန်ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု ခဲ့ပြီး အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေ
PUBLISHED - May 13, 2024
နေပြည်တော်၊ မေ ၁၃
KNU/PDF အဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးသွားသည့် မွန်ပြည်နယ်၊ သထုံမြိုနယ်အတွင်းက ကျုံအိတ်တံတားကို မေလ (၁၂) ရက် နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမ၊ မိုင်တိုင်အမှတ် (၁၃၁) မိုင် (၆)ဖာလုံနှင့် (၁၃၁)မိုင် (၇) ဖာလုံ ကြားတွင် တည်ရှိသည့် ကျုံအိတ်တံတားကို မေလ ၁၁ ရက် နံနက် အစောပိုင်းက KNU/PDF ပူးပေါင်း အဖွဲ့ဝင်များမှ မိုင်းခွဲ ဖျက်ဆီးခဲ့မှုကြောင့် ကမ်းကပ်ခုံ (၁၀၀)ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့ကာ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ယင်းကျုံအိတ်တံတား တည်ရှိသည့် နေရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ တာဝန်ရှိသူများ က သွားရောက်စစ်ဆေးခဲ့ပြီး ယာယီလမ်းလွှဲခြင်း၊ ဒေသတွင်း ကုန်စည် စီးဆင်းမှု ရပ်တန့်ခြင်း မရှိစေရေး အတွက် လူနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များ အမြန်ဆုံး သွားလာဖြတ်သန်းနိုင်ရန် တံတားပျက်စီးမှုကို တာဝန်ရှိသူတွေက အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#PeopleMedia