• Follow Us on

Home Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးနှိုးဆော်ချက် ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးနှိုးဆော်ချက် ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပါသည်။

 

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများမှာ ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်း၊ ရောဂါပိုး ရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ (စကားပြောခြင်း၊ အသက်ရှူခြင်း)၊ ရောဂါပိုး ရှိသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်ခြင်း၊မသန့်ရှင်းသောဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့် ကူးစက်ခြင်း၊ Mpox ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ခြင်းနှင့် မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ရောဂါပိုးစတင်ဝင်ရောက်ပြီး (၁)ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများမှာ မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့် လိင်အင်္ဂါများတွင်  အနီကွက်များ ထွက်ခြင်း၊ အရည်ကြည်ဖုများ ပေါက်ခြင်း၊ ဖျားခြင်း (>38.5 °C)၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့် ခြင်း၊ မောပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

လွန်ခဲ့သည့်(၂၁)ရက်အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများတွင် အထက်ပါ လက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ကာကွယ်နိုင်မည့်နည်းလမ်းများမှာ Mpox (မျောက်ကျောက်) ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ် ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask)ကို တပ်ဆင်ခြင်း၊ သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ် ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး (၆၀%) ပါဝင်သော ရေမလို လက်သန့်စင် ဆေးရည်အသုံးပြု၍ စနစ်တကျ ဆေးကြောပါ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုဘဲ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ထားပြီး အသုံးအဆောင်ပစ္စည်းများ (အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်စသည့်…) များကို ရေ၊ ဆပ်ပြာ နှင့်စနစ်တကျလျှော်ဖွပ်၍ အသုံးပြုကာ တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ဘဲ အသားများကို ကျက်အောင်ချက်ပြုတ်စားသင့်ကြောင်း ထုတ်ပြန်ထားသည်။

 

Mpox (မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့် ကုသမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post