• Follow Us on
Latest News

Home MSME စီးပွားရေးလုပ်ငန်းအကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိသာ ပါဝင်လျက်ရှိနေသေးကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

MSME စီးပွားရေးလုပ်ငန်းအကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိသာ ပါဝင်လျက်ရှိနေသေးကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိသာ ပါဝင်လျက်ရှိနေသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်း အဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တိုင်းပြည်၏ အဓိက မောင်းနှင်အားမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးတွင် MSME သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ဒေသအလိုက် MSME စီးပွားရေးလုပ်ငန်း၏ GDP ပါဝင်နှုန်းကို ကြည့်မည် ဆိုပါက အရှေ့တောင်အာရှနိုင်ငံများတွင် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြား၊ အာဆီယံနိုင်ငံများ၏ ၃၉ ရာခိုင်နှုန်းနှင့် OECD နိုင်ငံများတွင် ၄၁ ဒသမ ၅၈ ရာခိုင်နှုန်းပါဝင်ပြီး အလုပ်အကိုင်ရှာဖွေဖော်ထုတ်ပေးနိုင်မှု အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ၌ ၆၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံများ၌ ၇၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် OECD နိုင်ငံ၌ ၆၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရကြောင်း ပြောသည်။

 

မိမိတို့နိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိသာ ခန့်မှန်းပါဝင်လျက်ရှိနေသေးသဖြင့် GDP ပါဝင်မှုအချိုးတိုးတက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် MSME လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ MSME အေဂျင်စီများက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဝန်ကြီးချုပ်များ၏ အနီးကပ် ဦးဆောင်လမ်းညွှန်မှုဖြင့် စုပေါင်း ဆွေးနွေးပြီး နည်းလမ်းများဖော်ထုတ်၍ မိမိတို့၏ OROP မှတစ်ဆင့် MSME စီးပွားရေးလုပ်ငန်းများ အမြန်ဆုံး အောင်မြင်အောင် အကောင်အထည်ဖော်နေကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက MSME စီးပွားရေးလုပ်ငန်းအပါအဝင် မည်သည့်စီးပွားရေး လုပ်ငန်းမျိုးမဆို အခြေခံလိုအပ်ချက်မှာ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်ရမည့် အထူးစီးပွားရေးဇုန်များ၊ ပြည်တွင်းစက်မှုဇုန်များအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ (၂၀၂၄) နှင့် နည်းဥပဒေ (၂၀၁၅) တို့နှင့် စက်မှုဝန်ကြီးဌာန စက်မှုဇုန်နည်း ဥပဒေများ (၂၀၂၃) တို့ကို ထုတ်ပြန်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဥပဒေ၊ နည်း ဥပဒေများပါ အချက်အလက်များသည် မြေနေရာ၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရှာဖွေရရှိမှု တို့အတွက် များစွာအထောက်အကူပြုစေမည့် လမ်းညွှန်ချက်များ၊ နည်းပညာရရှိရေးနှင့် သင်ယူလေ့လာနိုင်ရန် ကျွမ်းကျင်လုပ်သားများ၊ အခြေခံလုပ်သားများ လိုအပ်ချက်ရရှိရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများပါရှိပြီး ယင်းနည်းလမ်းများရရှိနိုင်ရေး လမ်းညွှန်မှုပေးမည့် ဌာနဆိုင်ရာများကလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အေဂျင်စီများက လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တိုက်တွန်းလိုကြောင်း ပြောသည်။

 

ယနေ့အထိ နိုင်ငံတစ်ဝှမ်း MSME များကို အားဖြည့်ပေးနေသည့် စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုဇုန်၊ စက်မှု ရပ်ကွက်များ တည်ရှိမှုကို ကြည့်မည်ဆိုပါက နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ (၁၀၂) ခု၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ (၄၇၁၁၉) ခု၊ စက်မှုဇုန်၊ စက်မှုရပ်ကွက် (၃၃) ခု၊ အထူးစီးပွားရေးဇုန် (၃)ခု အပါအဝင် ရေနက်ဆိပ်ကမ်း (၂) ခု လျာထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန (၁၀) ခုမှ ကာလတို၊ ကာလရှည်သင်တန်း (၂၆၀) ခုရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ သင်တန်းအမျိုးအစားပေါင်း (၃၈၇) ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်လှစ်ပြီး အကြိမ်အရေ (၅၅၁၂) ကြိမ်၊ တက်ရောက်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ဦးရေ (၁၁၇၁၁၈) ဦး၊ တက်ရောက်ဆဲ သင်တန်းသား သင်တန်းသူ စုစုပေါင်း ဦးရေ (၈၇၅) ဦး ရှိပြီဖြစ်ကြောင်း၊ ယင်းသင်တန်းများကို အနာဂတ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး စဉ်ဆက် မပြတ် ဖွင့်လှစ်သင်ကြားပေးနေမည်ဖြစ်သကဲ့သို့ စက်မှုဝန်ကြီးဌာန၏ Website တွင်လည်း MSME ခေါင်းစဉ် Link ဖြင့် ဝန်ကြီးဌာနများမှ MSME စီးပွားရေးလုပ်ငန်းအတွက် လေ့ကျင့်သင်ကြားပေးနိုင်သော သင်တန်း များကို အခမဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia


Share this post