MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအား ရက်တိုးမြှင့်ကျင်းပမည်

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ကျင်းပလျက်ရှိသော ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို မူလက ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိသာ ကျင်းပမည်ဖြစ်သော်လည်း ကြည့်ရှုသူပရိသတ် များပြားခြင်းနှင့် ရက်တိုးမြှင့်ပြသရန် တောင်းဆိုမှုများ ရှိလာသဖြင့် ပြပွဲ၊ ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက် တိုး၍ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ တိုးမြှင့်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ပြသရောင်းချလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ အများအပြား လာရောက်လေ့လာကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများဖြင့်လည်းကောင်း ဖျော်ဖြေတက်ဆက်ပေးနေလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲနှင့် ပြိုင်ပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချသည့်ဆိုင်ခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပြသရောင်းချပေးလျက်ရှိပြီး ပြိုင်ပွဲများအလိုက် ဆုအမျိုးအစားပေါင်း ၃၁ မျိုးကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia