MSME များ လုပ်ငန်းစတင်ထူထောင်နိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် ငွေကြေးအရင်းအနှီးများကို နိုင်ငံတော်မှပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား
PUBLISHED - October 26, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၆
MSME များ လုပ်ငန်းစတင်ထူထောင်နိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ငွေ ကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး နိုင်ငံတော်မှ ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြော သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် ယမန်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့လာစေရန်အတွက် ဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်းများစွာရှိသည့်အနက် MSME များကို အားပေး မြှင့်တင်ခြင်း သည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေကြောင်း၊ MSMEများသည် စီးပွားရေးလုပ်ငန်းများတွင် အဓိက အရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့် အတွက် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ် ကြောင်း ပြောသည်။
MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည် အာမခံချက်ရှိအောင် အားပေးကူညီပြီး ပြည်သူ လူထုအတွက် ထုတ်ကုန်များစွာကို ဒေသ အသီးသီးတွင်ရှိသည့် MSME များကို ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများအနေ ဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာဖူလုံမှုအတွက် အဓိကထားထုတ်လုပ် စေခြင်းမှ အဆိုပါလုပ်ငန်းများကိုအခြေခံပြီး အခြားသော ကဏ္ဍများ ဖြစ်သည့် ပြည်တွင်းပြည်ပ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကိုလည်း ဘက်စုံတိုးတက်လာစေရန် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မိမိတို့မြန်မာ့ MSME များအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရ သည့် အခက်အခဲများနှင့် အခြားသောအခက်အခဲများကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားရမည် ဖြစ်ပြီး ရှိနေသည့်အခွင့်အရေးများကိုလည်းအရယူပြီး ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက် ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှုအစား ပြည်တွင်း MSME များမှ လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုတွင် သေချာသည့် ပြည်တွင်းကုန်ကြမ်းကို အသုံးပြုပြီး ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုကြောင်း၊ ထို့ပြင် MSME များလုပ်ငန်း စတင်ထူထောင် နိုင်ရန်နှင့် လုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး နိုင်ငံတော် မှ ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
#PeopleMedia