NLD ပါတီ အောင်နိုင်ရေးအတွက် လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကျပ် သိန်း ၆၀၀ ကျော်တောင်းယူခဲ့သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

PUBLISHED - January 26, 2022
နေပြည်တော်၊ ဇန်နဝါရီ ၂၆ (People Media)
NLD ပါတီ အောင်နိုင်ရေးအတွက် လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကျပ် သိန်း ၆၀၀ ကျော်တောင်းယူခဲ့သည့် ပြည် ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထား ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားမှုအပေါ် ကော်မရှင်အနေ ဖြင့် ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း ဖော်ပြပါရှိသည်။
စစ်ဆေးမှုတွင် ပေါ်ပေါက်ချက်အရ ဦးမင်းသူသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၂၀ ပြည့်နှစ်၊ စက်တင် ဘာလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင် တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော တီရှပ်အင်္ကျီအထည် ၁၈၀၀၀ အတွက် ကာလတန်ဖိုးငွေကျပ် ၃၁၅ သိန်းကိုလည်းကောင်း၊ NLD တံဆိပ်ပါသောလွယ်အိတ်များဝယ်ယူရန်အတွက် ငွေကျပ် သိန်း ၃၆၀ ကို လည်းကောင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါကဲ့သို့ မိမိ၏ ရာထူးအပေါ်တွင် အလွဲသုံးစားပြု၍ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သည့်အတွက် ဦးမင်းသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #ဦးမင်းသူ #အဂတိလိုက်စားမှု #NLD
(unicode)
……………………………………………………………