• Follow Us on

Home NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏အရေးကိစ္စများကို သေချာစဉ်းစားထားခြင်းမရှိဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြောကြား

NLD ပါတီအနေဖြင့် တိုင်းရင်းသားများ၏အရေးကိစ္စများကို သေချာစဉ်းစားထားခြင်းမရှိဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံနေသော်လည်း တိုင်းရင်းသားရေးရာကိစ္စများကို သေသေချာချာ စဉ်းစားထားခြင်းမရှိကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ People Media သို့ ပြောကြားလိုက်သည်။

“ကချင်နဲ့ မွန်ရဲ့ အခြေအနေကိုကြည့်တဲ့အခါ သူတို့မှာ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် သူတို့မှာ မူဝါဒ တိတိကျကျမရှိတဲ့ပုံစံလို့ မြင်တယ်၊ ပြီးတော့ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို သေသေချာချာ စဉ်းစားထားတဲ့အခြေအနေမရှိဘူးလို့ မြင်တယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

NLD ပါတီအနေဖြင့် ကချင်ပါတီများနှင့် တွေ့ဆုံရာတွင်လည်း အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များကို သာ ခေါ်တွေ့ခြင်းမှာ ပါတီကိုကိုယ်စားပြုသည့် အခင်းအကျင်းမဖြစ်နိုင်သလို ပါတီအတွင်းမှာလည်း စည်းလုံး ညီညွှတ်မှုကို ထိခိုက်နိုင်ကြောင်း သို့ဖြစ်၍ ထိုသို့ တွေ့ဆုံခြင်းမှာ မလုပ်သင့်သည်ကို လုပ်ခဲ့ခြင်းဖြစ်သည်ဟု မြင်ကြောင်း ဦးသာထွန်းလှက ဆိုသည်။

ANP အနေဖြင့် NLD နှင့် တွေ့ဆုံရန် အစီစဉ်ရှိမရှိ မေးမြန်းရာမှာလည်း ဦးသာထွန်းလှက “ကျွန်တော်တို့ကို လည်း တရားဝင်ကမ်းလှမ်းထားတာ ဘာမှမရှိဘူး၊ NLD ပါတီ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အခင်းအကျင်းကို လေ့လာနေတုန်းပဲ ရှိသေးတယ်” ဟု ပြောသည်။

NLD ပါတီအနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်အဖွဲ့မှ ကချင်တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့ပြီး၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မွန်တိုင်းရင်းသားပါတီနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နေရာ ညှိနှိုင်း၍ မရသည့်အတွက် တွေ့ဆုံမှု ပျက်ခဲ့ရသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ပါဝင်သည့် ကော်မတီအဖွဲ့ကို NLD ပါတီဗဟိုက ဒီဇင်ဘာ ၁၂ ရက်နေ့ ဗဟို အလုပ်အမှုဆောင်အစည်းအဝေးတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Photo – ရခိုင်အမျိုးသားပါတီ

#PeopleMedia #ရခိုင်အမျိုးသားပါတီ

(unicode)
……………………………………………….











Share this post