• Follow Us on

Home NLD အစိုးရ ငါးနှစ်သက်တမ်းမှာ ဖားကန့်ဒေသ၌ အကြီးစား ကျောက်စိမ်းလုပ်ကွက် ချပေးခြင်း မရှိဟု ပြည်နယ် သယံဇာတ ဝန်ကြီးဆို

NLD အစိုးရ ငါးနှစ်သက်တမ်းမှာ ဖားကန့်ဒေသ၌ အကြီးစား ကျောက်စိမ်းလုပ်ကွက် ချပေးခြင်း မရှိဟု ပြည်နယ် သယံဇာတ ဝန်ကြီးဆို

Share this post

ဖားကန့်၊ ဒီဇင်ဘာ ၂၈ (People Media)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသက်တမ်း ငါးနှစ်တာ ကာလတွင် ဖားကန့် ဒေသတွင် အကြီးစား ကျောက်စိမ်း လုပ်ကွက်များ ခွင့်ပြုပေးခြင်း မရှိကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောကြားလိုက်သည်။
၂၀၂၁ ခုနှစ် ဇွန်လအတွင်း သက်တမ်းကုန်ဆုံးတော့မည့် ဖားကန့်ရှိ အကြီးစား ကျောက်စိမ်းလုပ်ကွက်များနှင့် ပတ်သက်၍ EPN က ဆက်စပ်မေးမြန်းရာတွင် ပြည်နယ်သယံဇာတ ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဒီ NLD အစိုးရ လက်ထက်မှာတော့ အသေးစား လုပ်ကွက်ပဲ ချပေးတာ။ အကြီးစား လုပ်ကွက်တွေနဲ့ ပတ်သက်ပြီးတော့ ချထားပေးခြင်း မရှိခဲ့ဘူး။” ဟု ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။
ထို့အပြင် အဆိုပါ အကြီးစားကျောက်စိမ်းလုပ်ကွက်များကို လက်ရှိ NLD ပါတီ အစိုးရအဖွဲ့အနေနဲ့ သက်တမ်းတိုးပေးခြင်း မရှိကြောင်း ကိုလည်း ဝန်ကြီးက ယခုကဲ့သို့ ထည့်သွင်း ပြောကြား သည်။
“အခုလုပ်နေတဲ့ ဟာတွေက ယခင်အစိုးရက သက်တမ်းတိုး ပေးထားတယ်။ ယခင်တုန်းက အစိုးရတွေ ချထားပေးခဲ့တဲ့ အပေါ်မှာ ရွေးကောက်ပွဲကနေပြီး တက်လာတဲ့ အစိုးရကနေ သက်တမ်းတိုးပေးတာပေါ့ ဒါပေမယ့် ဒီအစိုးရ ၂၀၁၅ ရွေးကောက်ပွဲမှာ အရွေးချယ်ခံ အစိုးရကတော့ သက်တမ်းတိုးပေးထားတာ မရှိဘူး” ဟု ဝန်ကြီးက ထည့်သွင်း ပြောသည်။
လက်ရှိတွင် ဖားကန့်ဒေသ၌ ယခင်အစိုးရ လက်ထက်များက ခွင့်ပြုပေးထားသည့် လုပ်ကွက်များနှင့် သက်တမ်း တိုးမြင့်ပေးထားသည့် ကျောက်စိမ်း အကြီးစားလုပ်ကွက်ပေါင်း (၂၁၂) ကွက် ရှိရာ ယင်းတွင် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက် (၃)ကွက်နှင့် ပုဂ္ဂလိက ကုမ္ပဏီများပိုင် လုပ်ကွက် (၂၀၉)ကွက် ပါဝင်ပြီး ယင်းလုပ်ကွက်များ အားလုံး ၂၀၂၁ ခုနှစ် ဇွန်လတွင် လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လွမ်းအောင်
#PeopleMedia #ဖားကန့်မြို့ #ဦးဒါရှီလဆိုင်း
(unicode)
…………………………………….


Share this post