NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာကိစ္စများဆွေးနွေး
PUBLISHED - August 23, 2024
နေပြည်တော်၊ သြဂုတ် ၂၃
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေး ပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စများကို နှစ်ဖက်အပြန် အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အထွေထွေဆွေးနွေးခြင်းတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေး ဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များမှရရှိလာသည့်သဘော ထားများအား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေး ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
#PeopleMedia