• Follow Us on

Home Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ်ငွေကြေးအမြတ်ထုတ်လိမ်လည်လုပ်ကိုင်နေသူ ၁၃ ဦးအား ဖမ်းဆီးရမိ

Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ်ငွေကြေးအမြတ်ထုတ်လိမ်လည်လုပ်ကိုင်နေသူ ၁၃ ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

 

Mashala Tech Co.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ် ငွေကြေး အမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသူ ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

ဆက်စပ်သတင်းများအရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၉)ရပ်ကွက်၊ နတ် မောက်လမ်း၊ အမှတ်(၄၅၈/က)၌ နေထိုင်သူ မဆုရည်နွယ်သည် အွန်လိုင်းချေးငွေကိစ္စရပ်များနှင့်ပတ်သက်၍ ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရှိရသဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းအား လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလခန့်တွင် TikTok လူမှုကွန်ရက် စာမျက်နှာမှ တွေ့ရှိသည့် Mashala Tech CO.,Ltd အမည်ရှိ အွန်လိုင်းချေးငွေ ဝန် ဆောင်မှုလုပ်ငန်း၊ Team – A တွင် ချေးငွေကောက်ခံသူအဖြစ် တစ်လလျှင် လစာ ၃၂၀၀၀၀ ကျပ်ဖြင့် စတင်ဝင်ရောက်ခဲ့ကြောင်း ကနဦး သိရှိရသည်။

 

မဆုရည်နွယ်၏ ထွက်ဆိုချက်များအရ Mashala Tech CO.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ် ငွေကြေးအမြတ် ထုတ်လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အထိ ဖော်ထုတ်ဖမ်းဆီးခဲ့ရာ မမြတ်စန္ဒာဝင်း(ခ)စန္ဒာ အပါအဝင် စုစုပေါင်း တရားခံ ၁၃ ဦးအား ၎င်းတို့လိမ်လည်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စိစစ်ချက်များအရ အထက်ပါ Mashala Tech CO.,Ltd အား ဦးဇေယျာမင်း (ဘ) ဦးအောင်မင်း တစ်ဦးတည်း အမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေသူမှာ တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian ဖြစ်ကာ ဗိုလ် တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ အမှတ်(၄၄/၅၆) MMG Tower၊ (၆)လွှာ၊ အခန်း (၆၀၄) တွင် ဖွင့်လှစ်ထားရှိကြောင်း၊ Mr. Yu Linfeng သည် ဇန်နဝါရီ ၅ ရက်၌ ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာသွားရာမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း၊ ကုမ္ပဏီအနေဖြင့် အွန်လိုင်းချေးငွေ လုပ်ငန်းများ လုပ်ကိုင်ရာတွင် Mr. Yu Linfeng က ဦးဆောင်ပြီး ဖမ်းဆီးရမိပြီးဖြစ်သည့် HR ဝန်ထမ်းဖြစ်သူ မြတ်စန္ဒာဝင်း၊ Assistant HR ဝန်ထမ်းများဖြစ်သူ ဖမ်းဆီးရမိပြီးဖြစ်သည့် မမို့မို့အောင် နှင့် ဖမ်းဆီးရန် ကျန် ကျော်မင်းဖြိုး တို့က ကြီးကြပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့၏ ကြီးကြပ်မှု အောက်တွင် အွန်လိုင်း ချေးငွေ များရယူလာစေရေး ဆွဲဆောင်သည့်အဖွဲ့၊ ချေးငွေ Application Download ပြုလုပ်ရန် ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့် အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက်တောင်းခံသည့် အဖွဲ့ဟူ၍ အဖွဲ့ ၄ ဖွဲ့ခွဲကာ လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်တွင် ဖမ်းဆီးရန်ကျန် တရုတ်နိုင်ငံသားဖြစ်သူ Mr.Yu Linfeng(ခ) Willianနှင့် ဖမ်းဆီးရမိသူများဖြစ်သည့် မမြတ်စန္ဒာဝင်း(ခ)စန္ဒာ၊ မအေးမြင့်သူ(ခ) ဇူးဇူးကို၊ ဆုရည်နွယ်၊ မဝေဖြိုးသွယ်(ခ)မဝေ၊ မင်းခန့်ကျော်၊ ဇော် ထက်အောင်၊ ကျော်ဇင်ထက်၊ မရတနာ၊ မလွင်မေချစ်၊ ရဲနိုင်ဝင်း၊ မမို့မို့အောင်၊ မင်းခန့်ကျော်(ခ) ခန့်ကျော်၊ ငြိမ်းချမ်းဆွေ နှင့် မစုစုအေး တို့အား အမှုဖွင့်လှစ်၍ တရားဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post