PDF များ ရောင်းစားနေသည့် ကျိုက်မရော ဘိလပ်မြေစက်ရုံပိုင် ပစ္စည်းများ ဝယ်ယူခဲ့သူ (၆) ဦး ဖမ်းဆီးရမိ
PUBLISHED - May 20, 2024
နေပြည်တော်၊ မေ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဘိလပ်မြေစက်ရုံပိုင်ပစ္စည်းများကို PDF များ ထံမှ သွားရောက် ဝယ်ယူခဲ့ သည့် (၆) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေလဒုတိယအပတ်က မော်လမြိုင်မြို့၊ ခြောက်မိုင်ကျေးရွာ၊ သွေးသောက်ရပ်ကွက်၊ အိမ်အမှတ် (၇၇)တွင် နေထိုင်သည့် နေမျိုးအောင်ဆိုသူသည် ကျိုက်မရော ဘိလပ်မြေစက်ရုံတွင် စခန်းချကာ စက်ရုံပိုင်ပစ္စည်းများ ရောင်းစားနေသည့် PDF အဖွဲ့ဝင်များထံ သွားရောက်ပြီး စက်ရုံပိုင်ပစ္စည်းများကို PDF များထံမှ ဝယ်ယူခဲ့ ကြောင်း သိရသည်။
ယင်းသို့ ဝယ်ယူခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေမျိုးအောင်၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ စက်ရုံပိုင် ပစ္စည်းများတွေ့ရှိရပြီး နေမျိုးအောင်မှာ တိမ်းရှောင်လျှက်ရှိကြောင်းနှင့် စက်ရုံပိုင် ပစ္စည်းများ တင်ဆောင်ခဲ့သော သုံးဘီးပိုင်ရှင်ဖြစ်သူ မျိုးရာဇာ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာတွင် စက်ရုံပိုင်ပစ္စည်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သုံးဘီးပိုင်ရှင် မျိုးရာဇာကို ဆက်လက်စစ်ဆေးရာ နေမျိုး အောင်နှင့် ၎င်း၏ ဖခင်ဦးမူတူးသည် သုံးဘီးမောင်းနှင်သူနှင့် အခြားအလုပ်သမား (၆)ဦးကို ခေါ်ဆောင်ကာ စက်ရုံပိုင်ပစ္စည်းများကို သွားရောက်သယ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ယင်းအတွက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိမ်းရှောင်နေသည့် နေမျိုးအောင်၏ ဖခင်ဖြစ်သူ ဦးမူတူးကို သက်ဆိုင်ရာ နယ်မြေစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PeopleMedia