PDF အကြမ်းဖက်များ၏ တိုက်ခိုက်မှုကြောင့် သံဃာ ၈၄ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား
PUBLISHED - September 28, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၈
PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အနေနှင့် နိုင်ငံရေးတာဝန် ရယူခဲ့ရခြင်း၏ အဓိကအခြေခံ အကြောင်းတရားသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့သည့်အတွက် ဖြစ်ကြောင်း၊ ထိုသည်မှာ နိုင်ငံရေးအရ မသမာမှု လုပ်ခြင်းပဲ ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ညစ်သည်ဟုလည်း ဆိုနိုင်ကြောင်း၊ ဒါကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် တပ်မတော်က တရားဥပဒေနှင့်အညီ တောင်းဆိုခဲ့ကြောင်း၊ လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရ၏ အဓိကတာဝန်ရှိသူများက ဖြေရှင်းပေးရမည့် နည်းလမ်း စသည့် နည်းလမ်းပေါင်းစုံနှင့် ဖြေရှင်းရန် ဆောင်ရွက်ခဲ့သော်လည်း မရခဲ့ကြောင်း၊ နိုင်ငံရေးနည်းလမ်း၏ မဖြေရှင်းဘဲ ဒီမိုကရေစီ၏ ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG, PDF အမည်ခံအကြမ်းဖက်အဖွဲ့များ တည်ထောင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ပြည်သူကို ခြိမ်းခြောက်ခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
“ဒီလို အကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံ တစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ပါ တယ်။ ဒါဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာ ထိခိုက်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ဒီကြေညာချက်ကိုထုတ်ခြင်းဖြစ်ပါ တယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
ထိုကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်း အရင်းများသည် (၁) ယနေ့မြန်မာနိုင်ငံ၏ အခြေအနေ၊ (၂) ပြောင်းလဲလာသည့် နိုင်ငံတကာ အခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားသည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ သဘောဆန္ဒများကြောင့်သာ ဖြစ်ကြောင်း၊ ယနေ့ မိမိတို့နိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
#PeopleMedia