PDF အဖွဲ့ဝင်များနှင့် ပူးပေါင်းလှုပ်ရှားနေသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင်အပါအဝင် (၁၀) ဦး NCA ထိုးထားသည့် မွန်ပြည်သစ်ပါတီထံ ပူးပေါင်း
PUBLISHED - February 6, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင် PDF အဖွဲ့ဝင်များနှင့် ပူးပေါင်းလှုပ်ရှားနေသည့် ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ဗညား အပါအဝင် (၁၀)ဦးသည် လက်နက်များနှင့်အတူ NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီထံ လာရောက်ပူးပေါင်းကြောင်း မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန် ထားသည်။
ဖေဖော်ဝါရီလ (၅)ရက်က ရေးမြို့နယ်တောင်ပိုင်းတွင် ရာမညတပ်ဖွဲ့ဝင်များနှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်းတွင် ရာမညတပ်ဖွဲ့မှ အဖွဲ့ဝင် (၂)ဦး သေဆုံးသွားကြောင်းနှင့် လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ဗညားမှ မွန်ပြည်သစ်ပါတီ အမှတ်(၂) တပ်ရင်း ထားဝယ်ခရိုင် ထံ ပူးပေါင်းလိုကြောင်း လာရောက်ဆက်သွယ်ခဲ့သဖြင့် မွန်ပြည်သစ်ပါတီက လက်ခံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ယင်းသို့ ရာမညတပ်ဖွဲ့ဝင်များ လာရောက်ပူးပေါင်းရာတွင် လက်နက်အစုံ (၇)လက်နှင့် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများကို ယူဆောင်လာကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။
ရာမညတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီဝင်ဟောင်း နိုင်ချမ်းမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ရာမညတပ်ဖွဲ့ဝင် ခေါင်းဆောင် နိုင်ချမ်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၄)ရက်တွင် ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အနီးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့၏ လုပ်ကြံခြင်းကို ခံရပြီးနောက် လက်ရှိ နိုင်ဗညားမှ ဦးဆောင် လှုပ်ရှားနေခြင်းဖြစ်သည်။
Photo- မွန်ပြည်သစ်ပါတီ (NMSP)
#PeopleMedia