PDF အဖွဲ့ဝင် ၁၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်
PUBLISHED - March 1, 2024
နေပြည်တော်၊ မတ် ၁
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက် သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို ယမန်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့ရှိ နယ်မြေခံတပ်နယ်ခန်းမ များ၌ အသီးသီးပြုလုပ်ခဲ့သည်။
ဦးစွာ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ၂ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် MK-12 အမျိုးအစား မောင်းပြန်ရိုင် ဖယ်(၁)လက်၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်နှင့် KUZAY-GN 19 အမျိုးအစား ပစ္စတို(၁)လက်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး MK-12 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၄၀)၊ Stalliom PA-100 Short Gun အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၄၀)၊ KUZAY-GN 19 အမျိုးအစား ပစ္စတို(၁)လက် အတွက် ကျပ်သိန်း(၂၀)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူ ၁၂ ဦးအတွက် ၁ ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း (၂၀)၊ စုစုပေါင်းကျပ်သိန်း(၃၄၀)နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများအား ပေးအပ်ခဲ့သည်။
၎င်းနောက် အလင်းဝင်ရောက်လာသူများအား အသိအမှတ်ပြုကဒ်ပြားများ ပေးအပ်ကာ ဝန်ခံကတိလက်မှတ် ရေးထိုးစေ၍ ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေး လျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။
#PeopleMedia