• Follow Us on

Home Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဩဂုတ် ၁၃

 

သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ပြောသည်။

 

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C) ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုအားကောင်းစေရန်၊ အရည်အသွေးပြည့်မီပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရန်အတွက် Polytechnic University (၈) ခုကို ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည့် အတွက် အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နည်းပညာ ကျွမ်းကျင်သည့် လူငယ်များ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်ကြောင်း သိရှိရသည့်အတွက် မြန်မာနိုင်ငံသည် လူငယ်ထုအင်အား၊ တစ်နည်းအားဖြင့် လုပ်သားအင်အားများပြားသည့် အခြေအနေကောင်းကို ရရှိပိုင်ဆိုင်ထားကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ့အရင်းအမြစ်များဖြစ်ကြကြောင်း၊ တစ်နည်းအားဖြင့် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လူငယ်များကို စနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့်ပျိုးထောင် ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကိုမြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ် မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့် လူငယ်များဖြင့်သာ နိုင်ငံကိုကောင်းအောင် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်သွားကြရန် မှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post