• Follow Us on

Home PR စနစ် ကျင့်သုံးမည်ဆိုပါက မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ကိုသာ ကျင့်သုံးရန် ဖက်ဒရယ် ပြည်ထောင်စုပါတီ တိုက်တွန်း

PR စနစ် ကျင့်သုံးမည်ဆိုပါက မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ကိုသာ ကျင့်သုံးရန် ဖက်ဒရယ် ပြည်ထောင်စုပါတီ တိုက်တွန်း

Share this post

နေပြည်တော်၊ သြဂုတ် ၂၅ (People Media)

 

ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌက လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် PR အား ကျင့်သုံးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည့်အပေါ်တွင် ယင်းသို့ စနစ်အား ကျင့်သုံးမည်ဆိုပါက မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိသည့်စနစ်အား ကျင့်သုံးရန် လိုအပ်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။

 

“PR စနစ်က စနစ်တွေ အများကြီးရှိတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်းမတူဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ နိုင်ငံနဲ့ အရိုးရှင်းဆုံးစနစ်ကို ကျင့်သုံးရင်တော့ ကောင်းတယ်ပေါ့နော်။ ရှုပ်ထွေးတဲ့စနစ်နဲ့ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအတွက် အခက်အခဲရှိနိုင်တယ်” ဟု ဦးစောသန်းမြင့် က ပြောပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံတွင် PR စနစ်အား ကျင့်သုံးမည်ဆိုပါက သဘောတူလက်ခံနိုင်ငံရေးပါတီများရှိသလို ယင်းအပေါ်တွင် သဘောတူလက်ခံခြင်းမရှိသည့် နိုင်ငံရေးပါတီများလည်းရှိကြောင်း တိုင်းရင်းသားပါတီ အများစုသည် ယင်းစနစ်ပေါ်တွင် သဘောတူလက်ခံခြင်းမရှိကြောင်း ၎င်းက ဆိုပါတယ်။

 

“PR စနစ်ကို ကြိုက်တဲ့ပါတီတွေလည်း ရှိသလို မကြိုက်တဲ့ ပါတီတွေလည်းရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေရဲ့ အမြင်ကတော့ အများအားဖြင့်က နိုင်ငံရေးပါတီတွေအထက်မှာ ရွေးကောက်ပွဲကော်မရှင်က ဦးစီးထားတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်က ဘာပဲလုပ်လုပ် ပါတီတွေက လိုက်ပြီးတော့ လုပ်နေရတဲ့ သဘောဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားက အဲ့ဒါကြောင့် ကျွန်တော်တို့က လုပ်ပါလို့လည်း ပြောလို့မရဘူး။ မလုပ်နဲ့လည်း ပြောလို့မရဘူး” ဟု ဦးစောသန်းမြင့်က ပြောပါတယ်။

 

နောင်လာမည့် ရွေးကောက်ပွဲများတွင် PR စနစ်အား ကျင့်သုံးရန် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကြား ၂ ကြိမ်တိုင်တိုင် တွေ့ဆုံမှုပြုလုပ်ထားပြီး PR စနစ်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၏ သုတေသနစာတမ်းများကိုလည်း တင်ပြခိုင်းထားတယ်လို့လည်း သိရပါတယ်။

 

#PeopleMedia #PR #ဦးစောသန်းမြင့်

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 



Share this post