RCSS နှင့် TNLA နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော်လည်း တွေ့ဆုံညှိနှိုင်းရန် အဆင်သင့်ရှိကြောင်း TNLA ပြောဆို

PUBLISHED - January 22, 2021
ရှမ်း၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် TNLA အဖွဲ့တို့သည် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ သော်လည်း တွေ့ဆုံညှိနှိုင်းရန် အစဉ်သင့်ရှိကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က People Media သို့ ပြောသည်။
RCSS နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ တဖြည်း ဖြည်းများသည့်အတွက် နှစ်ဘက်တွေ့ဆုံညှိနှိုင်းရန် ရှိ/မရှိ အပေါ် People Media က TNLA သဘောထားကို မေးမြန်းရာ၌ ဗိုလ်မှူးမိုင်းအိုက်ကျော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“RCSS နဲ့ ၂၀၁၉ ခုနှစ် တွေ့ခဲ့တယ်။ တွေ့ဆုံတဲ့အချိန်မှာလည်း ကျွန်တော်တို့ဘက်က ဆုံးဖြတ်လို့ရတဲ့ ထိပ်ပိုင်းခေါင်းဆောင်ကို လွှတ်တာ။ သေချာပြင်ဆင်ပြီးသွားတယ်။ ဒါပေမဲ့ သူတို့ဘက်က တက်လာတော့ ဘာမှ တင်ပြစရာမရှိဘူး။ ကျွန်တော်တို့ဘက်က ပြောတာပဲ လာနားထောင်ပြီးတော့ ပြန်သွားတယ်။ အဲ့တော့ ဒီဆွေးနွေးမှုက ဘာမှ အဖြေမထွက်ခဲ့ဘူး။ ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း မှာ ထပ်မံတွေ့ဖို့ ကျွန်တော်တို့ဘက်က စာပို့ထားတာ သူတို့ဘက်က ဘာမှအကြောင်းမပြန်ဘူး။ ကျွန်တော်တို့ အနေနဲ့လည်း အမြဲတမ်းတွေ့ဆုံဖို့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် RCSS အဖွဲ့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျောက်မဲမြို့ပေါ်တွင် ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည် (၁၀၀၀)ကျော်ထိ ရှိနေပြီဖြစ်သည်။
လက်ရှိမှာလည်း နှစ်ဘက်တပ်ဖွဲ့များ စစ်ရေးတင်းမာမှုများရှိနေသေးသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်း အတွင်းမှာလည်း တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေခဲ့သေးကြောင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့က ပြောဆိုသည်။
RCSS မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးမှလည်း တိုက်ပွဲဖြစ်နေခြင်းနှင့်ပက်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် အမြဲတမ်း တံခါးဖွင့်ထားကြောင်းကိုလည်း People Media ကို ပြောကြားထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ပိန်းလုံကျေးရွာအနီးနှင့် ကျောက်မဲမြို့နယ်၊ လွယ်အံ (တင်း) ကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် RCSS နယ်မြေခံတပ်ရင်းနှင့် TNLA တပ်ဖွဲ့များ ဒီဇင်ဘာလ ၁၇ ရက် နေ့မှစ၍ ထိပ်တိုက်တွေ့ဆုံကာမှ ပြီးခဲ့သည့်ရက်ပိုင်းထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို အိုမ်တမာဝ်(လူမှုကူညီရေးအသင်း)နှင့် မိတ်ဖက်အဖွဲ့ အစည်းများ ချိတ်ဆက်ပူးပေါင်း၍ မော်တော်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး၊ ကျောက်မဲမြို့ ပိန်နဲ ကုန်းကျေးရွာရှိ ဝါဆိုကျောင်းတိုက်တွင် ထားရှိကြောင်း သိရသည်။
#PeopleMedia #Peace
(unicode)
……………………………………………………
#PeopleMedia #Peace