Shwe Star ခရီးသည်တင် ယာဉ်ပေါ်တွင် PDF အဖွဲ့ဝင်များအား ပြန်လည်ရောင်းချရန် သယ်ဆောင်လာသည့် ၇.၆၂ ကျည် (၅၀၀) တောင့် ဖမ်းဆီးရမိ
PUBLISHED - September 4, 2023
နေပြည်တော်၊ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီး မန္တလေး- လားရှိုးသွား ပြည်ထောင် စုလမ်းမကြီးပေါ်တွင် Shwe Star ခရီးသည်တင် ယာဉ်ပေါ်၌ PDF အဖွဲ့ဝင်များအား ပြန်လည်ရောင်းချရန် သယ်ဆောင်လာသည့် ၇.၆၂ ကျည် (၅၀၀) တောင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၂၉) ရက် နေ့လယ် (၁၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် အိုရီယမ်တယ် တိုးဂိတ်အနီး မန္တလေး- လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးမှုဆောင်ရွက်နေစဉ် လားရှိုးမြို့မှ ရွှေဘိုမြို့သို့ ယာဉ်မောင်း ဦးအိမ်ကြီးမောင် မောင်းနှင်လာသည့် Shwe Star ခရီးသည်တင် ယာဉ်လိုင်းအား စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ယာဉ်ပေါ်ပါလာသည့် ခရီးသည် ဒေါ်နီလာနှင့် ဒေါ်သင်းသင်းဦးတို့ သယ်ဆောင်လာသည့် တံဆိပ်မပါ အညိုရောင် ခရီးဆောင်အိတ်အတွင်းမှ ဖြူ/နက် ကျားရောင် ကျည်စလွယ်အိတ်အတွင်း သိုဝှက် သယ်ဆောင်လာသည့် တံဆိပ်မပါ ၇.၆၂ ကျည် (၅၀၀)တောင့် ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက်တွင် ဒေါ်နီလာနှင့် ဒေါ်သင်းသင်းဦးတို့နှစ်ဦးအား စစ်ဆေးရာ ကျည်ဆံများအား ရွှေဘို PDF အဖွဲ့ များထံသို့ ပြန်လည်ရောင်းချလျှင် ငွေကြေးအမြောက်အများရရှိမည်ဖြစ်သောကြောင့် ထီးချိုင့်မြို့၊ ဗန်းမော်-မန္တလေးသွား ကားလမ်းဘေးရှိ ဂရိတ်ဝေါကုမ္ပဏီ ကြံစိုက်ပျိုးရေးရုံးမှ ကြံတင်ယာဉ်မောင်း ကိုရှည်ကြီး၏ အချိတ်အဆက်ဖြင့် ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့တွင် နေထိုင်သည့် ယောဟန်ထံမှ ကျည်ဆံ (၅၀၀)တောင့်အား တစ်တောင့်လျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် (၄၅)သိန်းပေးကာ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့ကြောင့် PDF အဖွဲ့ဝင်များအား ကျည်ဆံများ ပြန်လည်ရောင်းချပေးရန် သယ်ဆောင်လာသည့် ဒေါ်နီလာနှင့် ဒေါ်သင်းသင်းဦးတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အရေးယူထားပြီး ကျည်ဆံဝယ်ယူရန် ချိတ်ဆက်ပေးခဲ့သည့် ကိုရှည်ကြီးနှင့် ကျည်ဆံရောင်းချပေးခဲ့သည့် ယောဟန်တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – အိုရီယမ်တယ်တိုးဂိတ်
#PeopleMedia