THAI ကုမ္ပဏီက လက်ခွဲ Thai Smile Airways ကို အပြီးဖျက်သိမ်းတော့မည်
PUBLISHED - September 30, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (THAI) ဟာ ၎င်းတို့ ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်တဲ့ Thai Smile Airways တန်ဖိုးသင့်လေကြောင်းလိုင်းကို ဆက်လက်ထိန်းသိမ်းထားမှာမဟုတ်တော့ဘဲ လက်ခွဲကုမ္ပဏီအဖြစ် ကနေရပ်ဆိုင်းလိုက်ပြီး ကုမ္ပဏီရဲ့ Airbus A320 လေယာဉ်အစင်း ၂၀ ကို THAI ပင်မကုမ္ပဏီက ပြန်လည်လွှဲ ပြောင်းရယူသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဲဒီလေယာဉ်အုပ်စုကို Thai Smile Airways လက်အောက်မှာထားတာထက် THAI ကုမ္ပဏီလက်အောက်မှာ ထားရှိပြီး လုပ်ငန်းလည်ပတ်တာက ဝင်ငွေပိုမိုရရှိနိုင်မှာဖြစ်ကြောင်း THAI ကုမ္ပဏီရဲ့ CEO ချိုင်းအမ်ဆီရီက ပြောပါတယ်။
Thai Smile Airways လက်အောက်မှာတာဝန်ထမ်းဆောင်စဉ်က အဲဒီလေယာဉ်အုပ်ဟာ တစ်ရက်ကို ၉ နာရီ ထက်ကျော်လွန်ပြီး မောင်းနှင်ခြင်းမရှိပေမဲ့ လက်ရှိအချိန်မှာ တစ်ရက်ကို ၁၀ နာရီခွဲအထိ တာဝန်ထမ်းဆောင် နိုင်ကြောင်း ချိုင်းက ပြောပါတယ်။
ဒီလေယာဉ်အုပ်ကို တရုတ်နဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်တွေ ပျံသန်းရာမှာအသုံးပြုတဲ့အတွက် လေယာဉ်တွေဟာ ည ပိုင်းမှာ အချိန်ကြာမြင့်စွာ ပျံသန်းရကြောင်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် Thai Smile ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို THAI ကုမ္ပဏီကလွှဲပြောင်းယူလိုက်ပြီးနောက် THAI ကုမ္ပဏီဟာ ပစ္စည်းဝယ်ယူမှုတွေနဲ့ လစာစရိတ်တွေအတွက် ချွေတာသုံးစွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ THAI ကုမ္ပဏီဟာ Thai Smile Airways ရဲ့ CEO နဲ့ ဘဏ္ဍာရေးအရာရှိအတွက် လစာတွေ ထုတ်ပေးစရာမလိုတော့တဲ့အတွက် ဝန်ထမ်းလစာအများအပြားကို လျှော့ချနိုင်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။
“ဒါ့ကြောင့် တခြားရည်ရွယ်ချက်တွေအတွက် ဆက်လက်ထိန်းသိမ်းထားမယ့်အစား THAI ကုမ္ပဏီက ၁၀၀% ရာနှုန်းပြည့်ပိုင်ဆိုင်ထားတဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ Thai Smile Airways ကို လုံးဝ ရပ်ဆိုင်းပစ်လိုက်ဖို့ ကျွန် တော် တို့ စီစဉ်နေပါတယ်။” လို့ ချိုင်းက ပြောပါတယ်။
THAI ကုမ္ပဏီက အစုရှယ်ယာ ၁၀၀% ပိုင်ဆိုင်ထားတဲ့ ဘတ်ငွေ ၁.၈ ဘီလျံ တန်ကြေးရှိ Thai Smile Airways ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
Thai Smile Airways က လေယာဉ်တွေဟာ ၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ စတင်ပျံသန်းခဲ့တာဖြစ်ပါ တယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ Thai Smile Airways ဟာ ဘတ်ငွေ ၂၀.၀၁၂ ဘီလျံ ဆုံးရှုံးခဲ့ တယ်လို့ ဆိုပါတယ်။
Thai Smile Airways ဟာ ၂၀၂၃ ခုနှစ် ဧပြီလမျာ ငွေကြေးအကျပ်အတည်း (liquidity crunch) တစ်ခုဖြစ်ခဲ့တဲ့ အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အဲဒီလေကြောင်းလိုင်းက လေယာဉ်တွေကို မိခင် THAI ကုမ္ပဏီက စတင်လွှဲပြောင်းရယူခဲ့ပါတယ်။
ကုမ္ပဏီပြန်လည်ပေါင်းစည်းမှုကိုလည်း အခုနှစ် ဇန်နဝါရီလအတွင်းမှာ အပြီးသတ်ဆောင်ရွက်ခဲ့ပါတယ်။
THAI ကုမ္ပဏီအနေနဲ့ ပြန်လည်လွှဲပြောင်းယူလိုက်တဲ့ A320 လေယာဉ်တွေရဲ့ ထိုင်ခုံနေရာချထားမှုတွေကို ပြန် လည် ညှိနှိုင်းပြင်ဆင်သွားမှာဖြစ်ကြောင်းလည်း ချိုင်းက ပြောပါတယ်။
ဥပမာ ခုံတန်းလေးတန်းပါတဲ့ ရိုးရိုးတန်း (economy class) ကို ခုံ ၁၂ လုံးပဲထားတဲ့ အထူးတန်း (business class) အဖြစ်ပြောင်းလဲသွားမှာဖြစ်သလို နှစ်နာရီ/ သုံးနာရီကြာ ပျံသန်းရတဲ့ လေယာဉ်ခရီးစဉ်တွေမှာ ခရီး သည်တွေ သက်သောင့်သက်သာဖြစ်စေဖို့အတွက်လည်း ခုံတွေကို ၁၆၀ ဒီဂရီအထိ နောက်လှန်ချလို့ရအောင် ပြန်လည် ပြုပြင်သွားမှာဖြစ်ကြောင်း ချိုင်းက ပြောပါတယ်။
ဒါ့အပြင် လေယာဉ်ပေါ်မှာ ပြသနေတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ခရီးသည်တွေရဲ့ ကိုယ်ပိုင် စမတ်ဖုန်းတွေ နဲ့ တက်ဘ်လက်တွေကတစ်ဆင့် ကြည့်ရှုနိုင်ဖို့အတွက် IFD (wireless in-flight display) စနစ်တစ်ခုကို အ ဆင့်မြှင့်ထည့် သွင်းသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
THAI ကုမ္ပဏီဟာ ပြည်တွင်း/ပြည်ပ ခရီးစဉ်အတိုတွေ တိုးချဲ့ပြေးဆွဲနိုင်ဖို့အတွက် single-aisle လေယာဉ်တွေ ထပ်မံဝယ်ယူသွား မျာဖြစ်ကြောင်းလည်း ချိုင်းက ပြောပါတယ်။
THAI ကုမ္ပဏီအနေနဲ Airbus A312 Neo လေယာဉ် ၃၂ စင်း ထပ်မံဝယ်ယူသွားမှာဖြစ်ပြီး ကနဦး ၁၂ စင်းဟာ လာမယ့်နှစ်မှာ ရောက်ရှိလာမှာဖြစ်သလို ကျန်တဲ့လေယာဉ်တွေက ၂၀၂၆ ခုနှစ်မှာရောက်ရှိလာမှာဖြစ်ပါတယ်။
ထပ်မံဝယ်ယူမယ့်လေယာဉ်တွေ ထည့်တွက်လိုက်မယ်ဆိုရင် THAI ကုမ္ပဏီမှာ single-aisle လေယာဉ် ၅၂ စင်း၊ Airbus A321 Neo လေယာဉ် ၃၂ စင်းနဲ့ Airbus A320 လေယာဉ် အစင်း ၂၀ ရှိသွားမှာဖြစ်ကြောင်း ချိုင်း က ပြောပါတယ်။
Ref: THAI to terminate Thai Smile for good, CEO says
#PeopleMedia