• Follow Us on
Latest News

Home THAI လေကြောင်းလိုင်းက ဘိုးရင်း 787-9 လေယာဉ် ၄၅ စင်း ဝယ်ယူမည်

THAI လေကြောင်းလိုင်းက ဘိုးရင်း 787-9 လေယာဉ် ၄၅ စင်း ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂

 

ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (Thai Airways International -THAI) က စင်္ကာပူလေကြောင်းပြပွဲကျင်းပ နေစဉ်အတွင်း ဘိုးရင်း 787-9 မိုဒယ်လ်လေယာဉ် ၄၅ စင်း ဝယ်ယူဖို့ အမှာစာပို့ခဲ့ကြောင်း The Nation မှာ ရေး သားဖော်ပြထားပါတယ်။

 

ကနဦးက ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (THAI) ကို အမည်မဖော်ပြထားတဲ့ ဖောက်သည်လို့ နာမည်တပ် ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ သဘောတူညီချက်ကို အပြီးသတ်လက်မှတ်ရေးထိုးခဲ့ကြောင်း ဘိုးရင်းကုမ္ပဏီရဲ့ “အမှာစာများနဲ့ လေယာဉ်ပို့ဆောင်မှုများ” စာမျက်နှာမှာဖော်ပြထားပါတယ်။

 

အခုမှာယူထားတဲ့လေယာဉ်တွေဟာ သဘာဝပတ်ဝန်ကျင်ထိခိုက်မှုကို လျှော့ချထားတဲ့လေယာဉ်တွေဖြစ်တဲ့အ တွက် ဘိုးရင်း 787-9 လေယာဉ် ၄၅ စင်းဟာ ထိုင်းလေကြောင်းလိုင်းကို ကူညီသွားမယ့်အပြင် ထိုင်းနိုင်ငံရဲ့ ၂၀၅၀ ပြည့်နှစ်မတိုင်ခင်ကာဘွန်လျှော့ချရေးရည်မှန်းချက်တွေကိုလည်း အထောက်အကူပြုသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (THAI) ရဲ့ CEO ဖြစ်သူ ချိုင်းအမ်ဆီရီက ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ THAI မှာ လက်ရှိသုံးစွဲနေတဲ့ ဘိုးရင်း 787 လေယာဉ်တွေမှာ Rolls-Royce ကုမ္ပဏီကထုတ်လုပ် တဲ့ Rolls-Royce Trent 1000 အင်ဂျင်တွေကို အသုံးပြုထားပေမဲ့ အခုမှာယူထားတဲ့ ဘိုးရင်း 787-9 လေယာဉ် တွေမှာတော့ General Electric ကုမ္ပဏီထုတ် GEnx အင်ဂျင်တွေကို အသုံးပြုထားပါတယ်။

 

ဘိုးရင်း 787-8 လေယာဉ်တွေထက် အရွယ်အစားပိုမိုကြီးမားတဲ့ ဘိုးရင်း 787-9 လေယာဉ်တွေဟာ ခရီးသည် ၂၀% ပိုမိုတင်ဆောင်နိုင်သလို ပျံသန်းနိုင်တဲ့အကွာအဝေးလည်း ပိုမိုများပြားတဲ့အတွက် ခရီးစဉ်သစ်တွေကို တိုး ချဲ့ပြေးဆွဲနိုင်မှာဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီက ပြောပါတယ်။

 

ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း (THAI) မှာ လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေကတော့ ဘိုးရင်း 787 ၈ စင်း၊ ဘိုးရင်း 777 ၂၂ စင်း၊ အဲဘတ်စ် A330-300 ၃ စင်းနဲ့ အဲဘတ်စ် A350-900 ၁၇ စင်းတို့ဖြစ်ပါတယ်။

 

THAI လေကြောင်းလိုင်းဟာ လက်ရှိလေကြောင်းလိုင်းကို အဆင့်မြှင့်တင်ဖို့အတွက် လေယာဉ်အစင်း ၉၀ အထိ မှာယူသွားဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

 

General Electric ကုမ္ပဏီရဲ့ အရပ်ဘက်လေယာဉ်အင်ဂျင်နဲ့ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်တဲ့ ရပ်ဆဲလ်စတုတ်စ်က ၎င်းတို့ ကုမ္ပဏီထုတ်အင်ဂျင်ရဲ့ ကာဘွန်လျှော့ချမှုအခန်းကဏ္ဍကို အလေးထားပြောဆိုပြီး THAI လေကြောင်းလိုင်းရဲ့ ရွေးချယ်မှုကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

 

စိန်ခေါ်မှုတွေရှိနေလင့်ကစား တစ်နှစ်ပြီးတစ်နှစ် ဝင်ငွေပြန်လည်မြင့်တက်လာခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်မှာ THAI လေကြောင်းလိုင်းဟာ သိသိသာသာ ပြန်လည်ထူထောင်လာတယ်လို့ ဆိုပါတယ်။

 

Ref: It’s official: THAI has placed an order for 45 new Boeing 787 aircraft

 

#PeopleMedia


Share this post