UEC က ရခိုင်နိုင်ငံရေးပါတီ (၅) ခုအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားမှုရှိမရှိ စစ်ဆေး

PUBLISHED - July 12, 2023
နေပြည်တော်၊ ဇူလိုင် ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ်၊ မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို တွေ့ဆုံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ များအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရသတ်မှတ်ထားသည့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခွင့်ပြုမိန့် ကျပြီးနောက် ရက်ပေါင်း (၉၀) အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စု ဆောင်းရေးနှင့် ရက်ပေါင်း (၁၈၀) အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင် ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနများမှ ခွင့်ပြုချက် တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျ ဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊ စသည်ဖြင့် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြကြ သည်။
ရခိုင်ပြည်နယ်အတွင်း အခြေစိုက်သည့် ရခိုင့်ဦးဆောင်ပါတီအား ကော်မရှင်မှ ကြေညာချက်အမှတ် (11/၂၀၂၃) ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစု ပါတီဌာနချုပ်အား ကြေညာချက်အမှတ် (14/၂၀၂၃) ဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီဌာနချုပ်အား ကြေညာချက်အမှတ် (16/၂၀၂၃) ဖြင့်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဌာနချုပ်အား ကြေညာချက် အမှတ် (18/၂၀၂၃) ဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဌာနချုပ်အား ကြေညာချက်အမှတ် (37/၂၀၂၃) ဖြင့်လည်းကောင်း နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#PeopleMedia