UID လက်မှတ် (စမတ်ကတ်) ပါမှသာ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း လဝက ထုတ်ပြန်
PUBLISHED - April 5, 2024
နေပြည်တော်၊ ဧပြီ ၅
လာမည့် မေလ (၁)ရက်မှ စတင်ပြီး Unique Identity Number (UID) လက်မှတ် (စမတ်ကတ်) ပါမှသာ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနက ဧပြီ ၄ ရက်က သတင်းထုတ်ပြန်ထားသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့ကို နယ်စပ်ဖြတ်ကျော် သွားလာရာတွင် နယ်စပ် အဝင်အထွက် လူဦးရေ စာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတုများနှင့် အသုံး မပြုသည့် ကတ်များအား အသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ်နိုင်ရန်အတွက် UID လက်မှတ်ပါမှသာ TBP၊ BP လက်မှတ်များကို ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
လဝက အနေဖြင့် အသက် (၁၀)နှစ်အထက် မြန်မာနိုင်ငံသားတိုင်းကို Electronic စနစ်ဖြင့် ကိုယ်ရေးအချက် အလက် (Biographic Data) နှင့် ဇီဝအချက်အလက် (Biometric Data) ကို ကောက်ယူမှတ်ပုံတင်ကာ ဂဏန်း (၁၀)လုံး ပါရှိသည့် UID လက်မှတ်ကို ထုတ်ပေးလျက်ရှိနေကြောင်း သိရသည်။
ယင်းသို့ UID လက်မှတ်များကို ပြုလုပ်ရာတွင် လက်ရှိနေထိုင်သည့် မြို့နယ်ရှိ လဝက ရုံးများတွင် အခမဲ့ ပြုလုပ်နိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုအား တပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။
Photo – UID လက်မှတ် နမူနာပုံ
#PeopleMedia