USS Truman လေယာဉ်တင်သင်္ဘောရဲ့ အဆင့်မြှင့်တင်မှုကန်ထရိုက်လုပ်ငန်း NNS ကုမ္ပဏီကို အပ်နှံ
PUBLISHED - January 30, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀
အမေရိကန်ရေတပ်ဟာ Nimitz-class (နိမက်စ်အဆင့်) လေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Harry S. Truman (CVN 75) လေယာဉ်တင်သင်္ဘောကို အဆင့်မြှင့်တင်ဖို့အတွက် ဟန်တင်တန်အင်ဂေါစ်စက်မှုလုပ်ငန်း (Huntington Ingalls Industries) ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Newport News Shipbuilding (NNS) ကုမ္ပဏီကို ကန်ထရိုကလုပ်ငန်း တစ်ခု လုပ်ငန်းအပ်နှံလိုက်ပါတယ်။
လုပ်ငန်းသဘောတူစာချုပ်အရ NNS ကုမ္ပဏီဟာ လေယာဉ်တင်သင်္ဘောဒီဇိုင်း၊ အင်ဂျင်နီယာပညာရပ်၊ လိုအပ် တဲ့စက်ပစ္စည်းတွေ ပုံစံတူထုတ်လုပ်ခြင်းနဲ့ အဆင့်မြှင့်တင်မယ့်ပစ္စည်းတွေ ရှာဖွေစုဆောင်းခြင်းတို့ကို ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
အမေရိကန်ရေတပ်အနေနဲ့လည်း မှတ်တမ်းအထောက်အထားတွေ၊ လိုအပ်တဲ့ ရင်းမြစ် အကောင်းဆုံးကြိုတင် ခန့်မှန်းတွက်ချက်ခြင်းနဲ့ အကြိုအလုံးစုံစစ်ဆေးခြင်းဝန်ဆောင်မှုလုပ်ငန်းတွေကို ကုမ္ပဏီထံက လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၉၁၃ သန်းတန် အဆင့်မြှင့်တင်ခြင်းကန်ထရိုက်လုပ်ငန်းတစ်ခုလုံးကို ၂၀၂၆ ခုနှစ် ဇွန်လမတိုင်ခင် အပြီးဆောင်ရွက်သွားမယ်လို့ NNS ကုမ္ပဏီက ခန့်မှန်းထားပါတယ်။
USS Harry S. Truman လေယာဉ်တင်သင်္ဘောရဲ့ ခန့်မှန်းသက်တမ်းအနှစ် ၅၀ ကို ထပ်မံတိုးချဲ့နိုင်ဖို့အတွက် အမေရိကန်ရေတပ်ရဲ့ လောင်စာစွမ်းအင်ထပ်မံဖြည့်တင်းခြင်းနဲ့ အလုံးစုံပြုပြင်ထိန်းသိမ်းခြင်းစီမံချက် (refueling and complex overhaul (RCOH) project) ကို ကန်ထရိုက်လုပ်ငန်းက ထောက်ကူပံ့ပိုးသွားမှာဖြစ် ကြောင်း ဟန်တင်တန်အင်ဂေါစ်ကုမ္ပဏီက ပြောပါတယ်။
Nimitz-class ရဲ့ ရှစ်စီးမြောက်သင်္ဘောအဖြစ် Truman လေယာဉ်တင်သင်္ဘောကြီးကို ၁၉၉၈ ခုနှစ်မှာစတင် တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ ရေတပ်အုပ်စုရဲ့ဦးဆောင်သင်္ဘောဖြစ်တဲ့ the USS Nimitz (CVN 68) လေယာဉ်တင်သင်္ဘောကြီး ရဲ့ ဒေါ်လာ ၁.၂ ဘီလျံတန်ကြေးရှိ လောင်စာစွမ်းအင်ထပ်မံဖြည့်တင်းခြင်းနဲ့ အလုံးစုံပြုပြင်ထိန်းသိမ်းခြင်း (RCOH) ကန်ထရိုက်လုပ်ငန်းကို NNS ကုမ္ပဏီက လက်ခံရှိခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်နေတဲ့ ဒီလေယာဉ်တင်သင်္ဘောကြီးရဲ့ အရွယ်အစားကြီးမားလှ တဲ့ အင်ဂျင်နီယာလုပ်ငန်းနဲ့ တည်ဆောက်ရေးစီမံချက် အလုံးစုံအောင်မြင်ဖို့အတွက် ဘက်စုံစီမံချက်ရေးဆွဲရ တာ အလွန်ကို အရေးကြီးပါတယ်။” လို့ NNS ကုမ္ပဏီလုပ်ငန်းခွင်လေယာဉ်စီမံချက် ဒုတိယ ဥက္ကဋ္ဌ ရော့ဘ် ချက်ခ်က ပြောပါတယ်။
“Harry S. Truman လေယာဉ်တင်သင်္ဘောကြီးနဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနဲ့ သာယာ ဝပြောရေးအတွက် ဆက်လက်ကာကွယ်နိုင်ဖို့အတွက် သင်္ဘောကြီး NNS ကုမ္ပဏီလုပ်ငန်းခွင်ကို ရောက်ရှိလာ တာကနေ ရေတပ်ကို ပြန်လည်ပို့ဆောင်ပေးတဲ့အစီအစဉ်အထိ ပြန်လည်တည်ဆောက်မှုလုပ်ငန်းစဉ်အားလုံး ဆောင်ရွက်ရာမှာ အဆင့်တိုင်းအတွက် မှန်ကန်တိကျစွာ စီမံချက်ရေးဆွဲနိုင်ဖို့အတွက် ဒီကန်ထရိုက်စာချုပ်က ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အလျား ၁၀၉၂ ပေ (၃၃၃ မီတာ) ရှည်လျားပြီး နျူကလီးယားဓာတ်ပေါင်းဖိုတွေနဲ့ တာဘိုင်အင်ဂျင်တွေကို အသုံးပြုထားတဲ့ Nimitz-class လေယာဉ်တင်သင်္ဘောဟာ တစ်နာရီကို ရေမိုင် ၃၀ (ကီလိုမီတာ ၅၆/ ၃၅ မိုင်)ေ ကျော်ခုတ်မောင်းနိုင်ပါတယ်။
ဒီလေယာဉ်တင်သင်္ဘောကြီးကို အလိုအလျောက်ပစ်ခတ်နိုင်တဲ့ စက်သေနတ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ အနီ အောက်ရောင်ခြည်သုံး မြေပြင်-ဝေဟင်ပစ်ဒုံးကျည်တွေအပါအပါအဝင် လက်နက်စနစ်မျိုးစုံနဲ့ ကာကွယ်ထားပါ တယ်။ USS Harry S. Truman လေယာဉ်တင်သင်္ဘောကြီးမှာ ရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ်မျိုးစုံ အစင်း ၉၀ အထိ တင်ဆောင်သွားနိုင်ပါတယ်။
Ref: HII to Secure Advanced Planning Contract for USS Truman Upgrade
#PeopleMedia