UWSA အရာရှိ ၂ ဦးအား ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်
PUBLISHED - October 19, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၉
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ ထိပ်တန်း အရာရှိ ၂ ဦးအား ဥပဒေအရအရေးယူရန် အတွက် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထား ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင် ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ချန်ရန်ပန်(ခ)ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချင် ထင်တို့ကို ဥပဒေအရအရေးယူရန်အတွက် ဖမ်းဝရမ်းထုတ်ဆင့်ထားခြင်းဖြစ်သည်။
တရုတ်အစိုးရမှ ဖမ်းဝရမ်း ထုတ်ထားသည် ချန်ရန်ပန်(ခ) ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချင် ထင်တို့ကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ရာထူးက ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ထားသည်။
၎င်းတို့ ၂ ဦး၏ လုပ်ရပ်များသည် နိုင်ငံတကာအပြင် ၊ “ဝ” ပြည်နှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ မိတ်ဖက်ဆက်ဆံရေးကို ထိခိုက်စေခဲ့ခြင်းကြောင့်၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအနေနှင့် ဖြစ်စဉ်ကို လေ့လာပြီး၊ “ဝ”ပြည်အစိုးရ၏ ဂုဏ်သိက္ခာ၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံရေးတို့အတွက် ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း UWSA က ထုတ်ပြန်ထားသည်။
၎င်းတို့ကို ဖမ်းမိရန်အတွက် သတင်းပေးကူညီသူကို ဆုကြေးငွေ တရုတ်ယွမ် ၁ သိန်းက ၅ သိန်းအထိ ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ပြည်သူလုံခြုံရေးဌာနက ထုတ်ပြန်ထားသည်။
#PeopleMedia