• Follow Us on
Latest News

Home ထိုင်းနိုင်ငံက ငြင်းလိုက်ပြီး ပါကစ္စတန်ကဝယ်ယူခဲ့တဲ့ တရုတ်ရေငုပ်သင်္ဘောတွေ အိန္ဒိယကို ခြိမ်းခြောက်နိုင်

ထိုင်းနိုင်ငံက ငြင်းလိုက်ပြီး ပါကစ္စတန်ကဝယ်ယူခဲ့တဲ့ တရုတ်ရေငုပ်သင်္ဘောတွေ အိန္ဒိယကို ခြိမ်းခြောက်နိုင်

Share this post

နိုင်ငံတကာ၊ မေ ၉

 

ထိုင်းနိုင်ငံက ပယ်ချခဲ့တဲ့ တရုတ်အင်ဂျင်တပ် ဟန်ဂါအဆင့် (Hangor-Class) ရေငုပ်သင်္ဘောတွေဟာ အိန္ဒိယ နိုင်ငံကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း The Eur Asian မှာရေးသားဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံ ဝူချန်မြို့ ဝူချောင်သင်္ဘောကျင်းမှာကျင်းပခဲ့တဲ့ ဟန်ဂါအဆင့်ရေငုပ်သင်္ဘော ရေချပွဲကို ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့က အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။

 

ခေတ်မီလက်နက်တွေနဲ့ ဆင်ဆာတွေတပ်ဆင်ထားတဲ့ ဒီရေငုပ်သင်္ဘောတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်သွားမှာဖြစ်တဲ့အတွက် စီမံချက်တိုးတက်မှုကို အားရကျေနပ် ကြောင်း ပါကစ္စတန်ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီးနဗီးအာရှပ်ခ်က ပြောပါတယ်။

 

ဟန်ဂါအဆင့်ရေငုပ်သင်္ဘောဟာ တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရေတပ်ရဲ့ Type 039B ယူ အန်အဆင့်ရေငုပ်သင်္ဘောရဲ့ မူကွဲအမျိုးအစားဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလအတွင်း တရုတ်သမ္မတရှီကျင့်ဖျင် အစ္စ လာမ်မာဘတ်ကိုသွားရောက်စဉ် သဘောတူစာချုပ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

 

ဒီသဘောတူစာချုပ်အရ ရေငုပ်သင်္ဘော ၈ စီးလွှဲပြောင်းပေးမှာဖြစ်ပြီး ၄ စီးကို တရုတ်နိုင်ငံမှာတည်ဆောက်ဖို့ စီစဉ်ထားသလို ကျန်တဲ့ ၄ စီးကို နည်းပညာလွှဲပြောင်းပေးပြီး ပါကစ္စတန်နိုင်ငံ ကရာချိသင်္ဘောကျင်းမှာ တည် ဆောက်သွားမှာဖြစ်ပါတယ်။

 

ရေငုပ်သင်္ဘောစနစ်တွေနဲ့ လက်နက်အကြောင်းတွေကို ပါကစ္စတန်ရေတပ်က အသေးစိတ်ထုတ်မပြောပေမဲ့ ရေ ငုပ်သင်္ဘောအခြေစိုက် ခရုစ်ဒုံးကျည်တွေ တပ်ဆင်သွားနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

 

ဟန်ဂါအဆင့်ရေငုပ်သင်္ဘောဟာ ရေအောက်မှာ ၁၀ ရက်ကနေ ၁၄ ရက်အထိ ခုတ်မောင်းသွားလာနိုင်တဲ့အ တွက် သာမန်အားဖြင့် ၄၈ နာရီကြာသာ ရေအောက်မှာခုတ်မောင်းနိုင်တဲ့ ဒီဇယ်အင်ဂျင်သုံးရေငုပ်သင်္ဘောတွေ ထက်အများကြီးသာလွန်ပါတယ်။

 

ဒီရေငုပ်သင်္ဘောဟာ မူလက ထိုင်းနိုင်ငံအတွက်ရည်ရွယ်ထားတဲ့ Type 039B ရေငုပ်သင်္ဘော မူကွဲဖြစ်တဲ့ S26 ရေငုပ်သင်္ဘောထက် ပိုမိုကြီးမားပေမဲ့ အလျား အနည်းငယ်တိုသွားတယ်လို့ ဆိုပါတယ်။

 

ဟန်ဂါအဆင့်ရေငုပ်သင်္ဘောကို မူလက ဂျာမန်ထုတ် MTU 396 အင်ဂျင်တပ်ဆင်ဖို့ ရည်ရွယ်ထားပေမဲ့ ဂျာမနီ က ၎င်းတို့အင်ဂျင်ကို ပြည်ပပို့ကုန်အဖြစ်တင်ပို့ခွင့်ပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။

 

ဂျာမန်အင်ဂျင် MTU 396 အစား တရုတ်ဒီဇယ်အင်ဂျင်ကို ဒီရေငုပ်သင်္ဘောမှာ တပ်ဆင်နိုင်တယ်လို့ ယုံကြည် ကြောင်း ရေတပ်ရေးရာကျွမ်းကျင်သူ အဲလက်လု (ခ်) က ပြောပါတယ်။

 

ထိုင်းနိုင်ငံကမှာယူထားတဲ့ တရုတ်ထုတ် Type 039B ရေငုပ်သင်္ဘောမူကွဲဖြစ်တဲ့ S-26T ရေငုပ်သင်္ဘောမှာ ဂျာမနီက အင်ဂျင်တပ်ဆင်ခွင့်ပြုဖို့ ငြင်းပယ်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံနဲ့ သဘောတူထားတဲ့စာချုပ် ပျက်ပြယ်သွား ခဲ့ပါတယ်။

 

တရုတ်နိုင်ငံက ဂျာမန်အင်ဂျင်အစား ဂျာမန်အင်ဂျင် MTU 396 ကို ပုံစံယူထုတ်လုပ်ထားတဲ့ CHD620 တရုတ် အင်ဂျင်ကို တပ်ဆင်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ထိုင်းနိုင်ငံကတော့ တရုတ်အင်ဂျင်ကို ပယ်ချခဲ့ပါတယ်။

 

အခု ဝယ်ယူလိုက်တဲ့ ဟန်ဂါအဆင့်ရေငုပ်သင်္ဘောဟာ ပါကစ္စတန်ရေတပ်ကို စွမ်းအားမြှင့်တင်ပေးလိုက်တာဖြစ် ပြီး လက်ရှိအချိန်မှာ အိန္ဒိယရေငုပ်သင်္ဘောတွေမှာမပါတဲ့ အောက်ဆီဂျင်မပါဘဲ ခုတ်မောင်းသွားလာနိုင်တဲ့ AIP နည်းပညာ (Incorporating Air-independent propulsion) တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

“ဟန်ဂါအဆင့်ရေငုပ်သင်္ဘောရဲ့ ဖွဲ့စည်းတည်ဆောက်မှု စရိုက်သဘာဝက အထူးသဖြင့် ထိုင်ဝမ်လိုနေရာမျိုးကို ချဉ်းကပ်ဖို့အတွက် ကမ်းရိုးတန်းနယ်မြေတွေထဲက ရေနက်ပိုင်းတွေမှာ အသုံးပြုဖို့ သင့်တော်တဲ့အမျိုးအစားဖြစ် ပါတယ်။ အဆင့်မြင့် ဆိုနာနဲ့ AIP နည်းပညာတွေတပ်ဆင်ထားတဲ့အတွက် အဲဒီနယ်မြေထဲက ပစ်မှတ်တွေကို စုံ စမ်းရှာဖွေ၊ ခြေရာခံပြီး ထိရောက်စွာ တိုက်ပွဲဝင်သွားနိုင်ပါတယ်။” လို့ အိန္ဒိယလေတပ်စစ်ပြန်တစ်ဦးဖြစ်သလို စစ်ပွဲနဲ့ ကာကွယ်ရေးကျွမ်းကျင်သူ မစ္စတာရှိတ်ခ်အက်တာက ပြောပါတယ်။

 

AIP နည်းပညာနဲ့ အဆင့်မြင့်ဆင်ဆာတွေ တပ်ဆင်ထားတဲ့ ဟန်ဂါအဆင့်ရေငုပ်သင်္ဘောတွေဟာ အိန္ဒိယနိုင်ငံ ရဲ့ ထိပ်တန်းကယ်လ်ဗာရီအဆင့်ရေငုပ်သင်္ဘောတွေထက် သာလွန်ကြောင်း ရှိတ်ခ်အက်တာက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံဟာ လက်ရှိအချိန်မှာ ကယ်လ်ဗာရီအဆင့် ပြင်သစ်ရေငုပ်သင်္ဘော ၅ စီး၊ ရှီရှူမာအဆင့် ဂျာမန် Type-209 ရေငုပ်သင်္ဘော ၄ စီးနဲ့ ဆင်ဒူဂို့ရှ်အဆင့် ရုရှားကီလိုရေငုပ်သင်္ဘော ၇ စီး စုစုပေါင်း ရေငုပ်သေင်္ဘာ ၁၆ စီးရှိပါတယ်။

 

ဒါပေမဲ့ အိန္ဒိယရေငုပ်သင်္ဘောတွေဟာ အနှစ်နှစ်ဆယ်ကျော်သက်တမ်းရှိနေပြီဖြစ်ပြီး အနားပေးဖို့ အချိန်နီးကပ် လာတဲ့ ရေငုပ်သင်္ဘောတွေဖြစ်ပါတယ်။ တစ်ဖက်မှာကလည်း အိန္ဒိယရေတပ်စွ်းရည်ကို ပိုမိုဆိုးရွားလာစေတာက Projects 75 နဲ့ 75I တို့လို ရေငုပ် သင်္ဘောဝယ်ယူရေးအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေတာပဲဖြစ်ပါတယ်။

 

“အိန္ဒိယနိုင်ငံအနေနဲ့ AIP နည်းပညာကို လက်ရှိရေငုပ်သင်္ဘောတွေမှာ ပေါင်းစပ်ထည့်သွင်းတာပဲဖြစ်စေ အသစ် တည်ဆောက်/ဝယ်ယူမယ့် ရေငုပ်သင်္ဘောတွေမှာ ထည့်သွင်းတပ်ဆင်တာပဲဖြစ်စေ ဆောင်ရွက်ဖို့ စဉ်းစားသင့် ပါတယ်။ ဒါပေမဲ့ အဲဒီအကူးအပြောင်းကာလဟာ အိန္ဒိယက AIP ရေငုပ်သင်္ဘောနည်းပညာစွမ်းရည်ကို မရရှိခင် နောက်ထပ် ၇ နှစ်ကနေ ၁၀ နှစ်အတွင်း ကြာမြင့်နိုင်ဦးမယ်လို့ တွက်ဆပါတယ်။” လို့ မစ္စတာရှိတ်ခ်အက်တာက ပြောပါတယ်။

 

Ref: Rejected By Thailand, Pakistan’s Hangor-Class Submarines, Powered By Chinese Engines, Threat To India?

 

#PeopleMedia


Share this post