• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် စကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မြန်မာအစိုးရထံ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် စကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မြန်မာအစိုးရထံ တောင်းဆို

Share this post

နိုင်ငံတကာ၊ မေ ၈

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် စကားပြောခွင့် ပေးဖို့ အင်္ဂါနေ့ (မေလ ၇ ရက်နေ့) က မြန်မာအစိုးရထံ တောင်းဆိုခဲ့ရာ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ထည့်သွင်းစဉ်းစားသွားမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

 

၂၀၂၁ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် အဖမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုပေါင်းစုံ အတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်း ၄၀ နီးပါး အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က သားဖြစ်သူကို အာဏာရအောင် ရာထူးက ဆင်းပေးခဲ့တဲ့ ဟွန်ဆန်ဟာ အင်္ဂါနေ့က မြန်မာ နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အွန်လိုင်း (ဗီဒီယိုကော) ကတစ်ဆင့် စကားပြောခဲ့တာဖြစ်ပါတယ်။

 

ဟွန်ဆန်ရဲ့ Facebook ပေ့ဂျ်မှာတော့ ၎င်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စကားပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ပုံကို တင်ထားပြီး ၎င်းရဲ့မေတ္တာရပ်ခံချက်ကို ဗိုလ်ချုပ်မှူးကြီးက “အထူးစဉ်းစားပေးမယ်” လို့ အကြောင်းပြန်ခဲ့ ကြောင်း ရေးသားထားပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံက အထူးကိုယ်စားလှယ်တစ်ဦးကိုလည်း မြန်မာနိုင်ငံကို စေလွှတ်သွားမှာဖြစ်ကြောင်း ဟွန် ဆန်က ပြောပါတယ်။

 

လက်ရှိအချိန်မှာ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဟွန်ဆန်ဟာ အာ ဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ “တရားဝင် ကြားဝင်ဆောင်ရွက်နိုင်တဲ့” ဘယ်လိုအခန်းကဏ္ဍမှ ရရှိထားသူမဟုတ်တဲ့အတွက် ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ကြိုးစားခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ် နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသလို ၎င်းရဲ့မိသားစုနဲ့ ရှေ့နေတွေကလည်း ၎င်းကို တွေ့ဆုံခွင့်မရကြောင်း ပြောပါတယ်။

 

မြန်မာနိုင်ငံမှာတော့ မြန်မာ့တပ်မတော်က တစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ လက်နက်ကိုင်အင်အားစုတွေကတစ်ဖက် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

 

အာဏာသိမ်းပြီးနောက် စစ်မျက်နှာ လေးငါးခု ရင်ဆိုင်နေရတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိ ပက္ခဟာ ၁၉၆၂ ခုနှစ် ပထမဦးဆုံးအကြိမ် အာဏာသိမ်းတဲ့အချိန်ကစပြီး မြန်မာ့တပ်မတော်က ရင်ဆိုင်လာရတဲ့ စိန်ခေါ်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Cambodia’s former PM urges Myanmar junta chief to allow video call with Suu Kyi

 

#PeopleMedia


Share this post