ကျိုက်ထိုဘူတာ၌ ရထားပေါ် ပြေးတက်သည့် အမျိုးသမီးတစ်ဦး ခြေချော်ပြုတ်ကျပြီး သေဆုံး
PUBLISHED - November 16, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၆
ရန်ကုန်-မော်လမြိုင် ရထားလမ်းရှိ ကျိုက်ထိုဘူတာ၌ ယမန်နေ့ နံနက် ၁၁နာရီကျော် အချိန်က ရထားထွက်ခွာနေစဥ် ရထားပေါ်ပြေးတက်သည့် အမျိုးသမီးတစ်ဦး စင်္ကြံနှင့် ရထားတွဲကြား ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုက်ထိုမြို့ ၊ ဇေယျာမွန်ရပ်ကွက်၊ နိဗ္ဗာန်လမ်းနေ ဒေါ်ရီဌေး (၅၅)နှစ်သည် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂)အစုန်လူစီး အမြန်ရထားသည် ကျိုက်ထိုဘူတာမှ ရန်ကုန်သို့ ဆက်လက်ထွက်ခွာနေစဉ် ရထားပေါ် ပြေးတက်ရာမှ ဘူတာရုံစင်္ကြံနှင့် ရထား၏ ရိုးရိုးတန်းတွဲအမှတ် (၆) တွဲကြားသို့ ခြေချော်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခြေချော်ကျမှုကြောင့် အထက်ပါ အမျိုးသမီးမှာ ဝဲဘက်ဒူးခေါင်း ပြတ်ထွက် ဒဏ်ရာ၊ ဦးခေါင်း ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့သဖြင့် သေဆုံးသူ၏ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia