ဧရာ၀တီတိုင်းဝန်ကြီးချုပ် MILLCO ပေါင်းဆန်စက်နှင့် ပုသိမ်ပေါ်ဆန်းမွှေး မူလမွှေးရနံ့နှင့် အရည်အသွေးများပြန်လည်ရရှိရေး သုတေသန စမ်းသပ်စိုက်ခင်းအား သွားရောက် စစ်ဆေး
PUBLISHED - November 16, 2026
နေပြည်တော်၊ နို၀င်ဘာ ၁၆
ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ပိုင်းတွင် ပုသိမ်မြို့၊ ဝဲဒေါင့်ရပ်ကွက်ရှိ MILLCO ပေါင်းဆန်စက်သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆန်စက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆန်စက်တာဝန်ခံမှ ဆန်စက်လည်ပတ် ဆောင်ရွက်နေမှု အခြေအနေများ၊ နည်းပညာမြင့်ဆန်ကြိတ်ခွဲစက်ရုံလုပ်ငန်းလည်ပတ်မှုအဆင့်ဆင့်နှင့် ပေါင်းဆန် အပါအဝင် ဆန်ဖြူ၊ ဆန်ကွဲကြိတ်ခွဲတင်ပို့မှုအခြေအနေများ၊ စပါးဝယ်ယူမှုအခြေအနေများ၊ ဆန်စက်လည်ပတ်မှု အခြေအနေများ၊ ပြည်ပတင်ပို့မှု အခြေအနေများ၊ စပါးကုန်ကြမ်းဝယ်ယူရရှိမှုနှင့် ဈေးကွက်ရရှိမှုအခြေအနေများနှင့် စက်စွမ်း အားပြည့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေး တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ပေါ်ဆန်းမွှေး၏ မူလမွှေးရနံ့နှင့် အရည်အသွေးများ ပြန်လည်ရရှိစေရေးအတွက် သုတေသနပြု စမ်းသပ်စိုက်ပျိုးထားသည့် ပုသိမ်တက္ကသိုလ်၏ စမ်းသပ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စမ်းသပ်စိုက်ခင်းတွင် တာဝန်ရှိသူများက ပေါ်ဆန်းရင်မျိုးစပါးကိုအသုံးပြုစိုက်ပျိုးထားရှိပြီး မြေအချဉ်ဓာတ်လျှော့ချကာ pH တန်ဖိုး မြင့်တက်စေရန် ဒိုလိုမိုက်ထည့်သွင်းခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ခြင်းတို့ကို ဆောင်ရွက် ထားရှိမှု၊ သဘာဝမြေဩဇာများအသုံးပြု၍ သီးနှံပင်၏သဘာဝအတိုင်း ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိစေရေးကို အလေးထားဆောင်ရွက်ထားရှိမှု၊ ထူးခြားချက်အနေဖြင့် အကျိုးပြု အဏုဇီဝသက်ရှိများနှင့် Nano (နာနို) နည်းပညာတို့ကို အသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်သည် စမ်းသပ်စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိမှုအခြေအနေ၊ သဘာဝမြေဩဇာနှင့် အဏုဇီဝနည်းပညာအသုံးပြုမှု၊ စပါးပန်းပွင့် ချိန်နှင့် ရိတ်သိမ်းမည့်အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
#PeopleMedia