• Follow Us on
Latest News

Home စခန်းကျသွားတဲ့ မြန်မာ့တပ်မတော်သား ၁၅၁ ဦး မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာ

စခန်းကျသွားတဲ့ မြန်မာ့တပ်မတော်သား ၁၅၁ ဦး မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁

 

မြန်မာ့တပ်မတော်စခန်းတစ်ခုကို လက်နက်ကိုင်သူပုန်အုပ်စုက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြန်မာ့တပ် မတော်သား ၁၅၁ ဦးခန့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်းခရိုင်ထဲကို ဝင်ရောက်လာခဲ့ကြောင်း အာ သံရိုင်ဖယ်တပ်ရင်းက အရာရှိတစ်ဦးကို ကိုးကားပြီး PTI သတင်းဌာနက စနေနေ့ (ဒီဇင်ဘာလ ၃၀ ရက်နေ့) က ရေးသားဖော်ပြလိုက်ပါတယ်။

 

နယ်စပ်ဒေသအနီးရှိ မြန်မာ့တပ်မတော်စခန်းတစ်ခုကို ရခိုင်သူပုန်အဖွဲ့ဖြစ်တဲ့ AA လက်နက်ကိုင်အဖွဲ့က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြန်မာတပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့လက်နက်တွေနဲ့အတူ လောင်တလိုင်းခရိုင်၊ တိုင် ဆွန်းတလန်ရွာမှာရှိတဲ့ အာသံရိုင်ဖယ်တပ်ရင်းရှိတဲ့နေရာကို သောကြာနေ့က ရောက်ရှိလာကြတာဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်အနီးမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြန်မာ့တပ်မတော်နဲ့ AA သူပုန်အဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အာသံရိုင်ဖယ်တပ်ရင်းအရာရှိက ပြောပါတယ်။

 

သောကြာနေ့က ဝင်ရောက်လာတဲ့ မြန်မာတပ်ဖွဲ့ဝင်တွေထဲက တချို့ဟာ ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့အ တွက် အာသံရိုင်ဖယ်တပ်ရင်းက ဆေးဝါးကုသပေးနေပြီး လက်ရှိအချိန်မှာတော့ မြန်မာတပ်ဖွဲ့ဝင်တွေဟာ လောင်တလိုင်းခရိုင်၊ ပါဗာကျေးရွာမှာရှိတဲ့ အာသံရိုင်ဖယ်တပ်ရင်းမှာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထား ကြောင်း ၎င်းက ပြောပါတယ်။

 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာ နစက အစိုးရတို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး အဲဒီမြန်မာတပ်ဖွဲ့ဝင် တွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

နိုဝင်ဘာလအတွင်းက အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ မြန်မာတပ်စခန်းတွေကို PDF သူပုန်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စုစုပေါင်း မြန်မာတပ်ဖွဲ့ဝင် ၁၀၄ ဦး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက် ပြေးလာခဲ့ကြပါတယ်။

 

အဲဒီမြန်မာတပ်ဖွဲ့ဝင်တွေကို အိန္ဒိယအစိုးရက မဏိပူရ်ပြည်နယ် မိုရေးမြို့ကို လေကြောင်းကနေ ခေါ်ဆောင်လာ ခဲ့ပြီး မြန်မာနိုင်ငံ တမူးမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

 

မြန်မာတပ်မတော်သား ၁၅၁ ဦးဟာ နယ်စပ်မှတ်တိုင် အမှတ် ၂ နဲ့ အမှတ် ၄ ကနေ ကျော်ဖြတ်ပြီး တိုင်ဆွန်းတ လန်ရွာထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး နောက်ထပ် မြန်မာတပ်ဖွဲ့ဝင်တွေ ထပ်မံရောက်ရှိလာဖွယ်ရှိကြောင်း အိန္ဒိယမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

MNDAA ကိုးကန့်သူပုန်၊ TNLA ပလောင်သူပုန်နဲ့ AA ရခိုင်သူပုန်တို့ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ခေါ် သူပုန်အဖွဲ့တွေက အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး မြန်မာ့တပ်မတော်စခန်းတွေကို ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိရာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

 

ရခိုင်သူပုန် AA အဖွဲ့ကလည်း ပြီးခဲ့တဲ့သီတင်းပတ် နှစ်ပတ်ကျော်လောက်ကစပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တပ်မတော်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။

 

လေ့ကျင့်သားပြည့်ဝပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ အဲဒီသူပုန်အဖွဲ့တွေရဲ့ ထိုးစစ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာ နစက အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

မဟာမိတ်သူပုန်အဖွဲ့ကတော့ မြို့ရွာတွေနဲ့အတူ တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အောင် မြင်မှုကြီးကြီးမားမား ရရှိထားတယ်လို့ ပြောကြားထားသလို မြန်မာ့တပ်မတော်ဘက်ကလည်း ဆုံးရှုံးမှုတွေကို ဝန်ခံထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ ပြောကြားထားပါတယ်။

 

Ref: Over 150 Myanmar soldiers flee to Mizoram village after rebel forces capture camps; some critically injured: The Hindustan Times

 

#PeopleMedia


Share this post