ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းများ လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် ၂၂ ဦးရှိ
PUBLISHED - November 17, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၇
ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယမန်နေ့အထိ ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း စသည်များကို လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် ၂၂ ဦး ကျန်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီ (၂၂) ရပ်၏ ဆောင်ရွက်ချက်များအနေဖြင့် စိစစ်ရန် ခွဲဝေပေးထားသည့် တည်ဆဲဥပဒေများကို စိစစ်သုံးသပ်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု အစည်းအဝေးကာလအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇၈)ကြိမ်၊ ပြင်ပဧည့်သည်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၉၆) ကြိမ်၊ သီးခြားအလုပ်ရုံဆွေးနွေးပွဲ (၁၉) ကြိမ်နှင့် Seminar (၁၃) ကြိမ်ကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်အစည်းအဝေးကာလ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၈၇ ခု၊ ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၂၅၃ ခုကို ကိုယ်စားလှယ် ၂၂၃ ဦးက မေးမြန်းခဲ့ကြပြီး အဆို ကိုးခုကိုလည်း တင်သွင်းခဲ့ကြပါကြောင်း ပြောသည်။
ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၂၈၇ ခုတွင် ကတိကဝတ်အဖြစ် ၁၅၂ ခု၊ ကတိမဖြစ် ၁၂၀ ရှိခဲ့ပါကြောင်း၊ ကြယ်ပွင့် မပြမေးခွန်းပေါင်း ၂၅၃ ခုတွင် ကတိကဝတ်အဖြစ် ၁၅၁ ခု၊ ကတိမဖြစ် ၇၄ ခု ရှိခဲ့ပါကြောင်း၊ ဆွေးနွေးပြီးခဲ့သည့် အဆို (၇) ခုတွင် အတည်ပြု (၁) ခုနှင့် မှတ်တမ်းတင် စောင့်ကြည့် (၆) ခုတို့ ဖြစ်ကြောင်း၊ သက်တမ်းအားဖြင့် တိုတောင်းသေးသည့် မိမိတို့ လွှတ်တော်အကြောင်းကို ပိုမိုသိရှိနားလည်စေရန်နှင့် မျက်မြင်ဖြစ်စေရန် ရည်ရွယ်ပြီး ပထမအဆင့်အနေဖြင့် လွှတ်တော်လေ့လာရေးခရီးစဉ်များ ဖိတ်ခေါပြီး ပြည်သူနှင့် နီးစပ်စွာ ထိတွေ့ရေးလမ်းကြောင်းကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ လာရောက်လေ့လာသူများကို တာဝန်ရှိသူတို့က မြေပြင်တွင် လိုက်လံရှင်းလင်းပြသခြင်း၊ ဥက္ကဋ္ဌက သီးခြားတွေ့ဆုံပြီး လွှတ်တော်၏ အခန်းကဏ္ဍ၊ စုဖွဲ့မှု၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောဆိုခြင်း၊ သိလိုသည်များကို မေးမြန်းဖြေကြားခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူကို အကူအညီပေးသည့်ကဏ္ဍအနေဖြင့် လွှတ်တော်၏ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက တိုင်ကြားစာပေါင်း ၅၆၀ အနက် ၄၉၉ စောင်ကို ဖြေရှင်းပေးခဲ့ပြီး ၆၁ စောင်ကို သက်ဆိုင်ရာ ဌာနများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊၊ အလားတူ သက်ဆိုင်ရာကော်မတီများကို အကူအညီတောင်းသည့် စာ ၁၃၈ စောင် ရောက်ရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ခြင်း၊ လွှဲပြောင်းပေးခြင်းများကိုလည်း စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် Online မှတစ်ဆင့် တိုင်ကြားစာ ပေးပို့နိုင်သည့် Online Petition System ကိုလည်း စတင်ဆောင်ရွက်ရန် စီမံနေပြီဖြစ်ကြောင်း ပြောသည်။
နောင်အနာဂတ်ကာလတွင် မိမိတို့လွှတ်တော်ကို စွမ်းရည်မြင့်မားပြီး ပြည်သူဗဟိုပြု ခေတ်မီလွှတ်တော်တည်ဆောက်ရန် ဖြစ်ကြောင်း၊ ယခု မျှော်မှန်းချက်အတွက် ပြည်သူ့လွှတ်တော် မဟာဗျူဟာစီမံကိန်း ၂၀၂၇ – ၂၀၃၁ ကို ရေးဆွဲထားရှိပြီး ဖြစ်ကြောင်း၊ စီမံကိန်းတွင် မဟာဗျူဟာ (၆) ရပ် ချမှတ်ထားပြီး နည်းဗျူဟာ ၂၈ ခုနှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ ကြယ်ပွင့်ပြ၊ ကြယ်ပွင့် မပြ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း စသည်များကို လုံးဝမေးမြန်းဆောင်ရွက်ခြင်း မရှိသည့် ရွေးကောက်ခံကိုယ်စားလှယ် ၂၂ ဦး ကျန်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရကြောင်း၊ မိမိတာဝန်နှင့် အခွင့်အရေးကို အမိအရ အသုံးချစေလိုကြောင်း ပြောကြားလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အား ခေတ္တရပ်နားချိန်တွင် မိမိမဲဆန္ဒနယ်မြေတိုင်းကို ကွင်းဆင်းသွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကြရန်၊ ပြည်သူ့အသံကို နားထောင်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြရန်၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာရေးခက်ခဲပါက မီဒီယာနည်းလမ်းဖြင့် မဖြစ်မနေ ဖြန့်ကြက်ထိတွေ့ကြရန် အကြံပြုလိုပါကြောင်း၊ ပြည်သူက ခန့်အပ်တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များပီပီ လွှတ်တော်အတွင်းမှာသာမက လွှတ်တော်ပြင်ပတွင် ကိုယ်စားလှယ်ကြီးများ၏ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း မှာကြားလိုပါကြောင်း ပြောကြားသည်။
#PeopleMedia