မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
PUBLISHED - November 18, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၈
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ထံ ကမ္ဘောဒီးယားနိုင်ငံ သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Cheap Sour ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိသဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်လုပ်ကွက်များ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရန် အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များနှင့် လစ်လပ်လျက်ရှိသော ကမ်းလွန်လုပ်ကွက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကမ္ဘောဒီးယားနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်များ ပေါင်းစပ်အသုံးပြုလျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အား ချိတ်ဆက်ရယူနေရမှုအခြေအနေ၊ ကမ္ဘောဒီးယားနိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် Power Plant အတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ၏ လက်ရှိသွယ်တန်းထားရှိသည့် ပိုက်လိုင်းနှင့် အခြေခံအဆောက်အအုံများကို အသုံးပြု၍ LNG နှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#PeopleMedia