• Follow Us on
Latest News

Home ဖိလစ်ပိုင်တိုက်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးထိ မြင့်တက်၊ ၅၆ ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင်တိုက်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးထိ မြင့်တက်၊ ၅၆ ဦး ပျောက်ဆုံးနေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

ပြီးခဲ့သည့်အပတ်က ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ခတ်ခဲ့သော တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေ အတွက်သည် ၃၇၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားပြီး ၅၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။

 

“အသေအပျောက်တိုးလာတာက ဘေးဒဏ်သင့်ဒေသတွေဆီက တရားဝင်အချက်အလက်တွေ ထပ်မံရရှိခဲ့လို့ ဖြစ်ပါတယ်” ဟု ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့(PNP) ၏ နောက်ဆုံးထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

 

ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ရင်ဆိုင်တွေ့ကြုံရသည့် ၁၅ လုံးမြောက်နှင့် ပျက်စီးမှုအများဆုံး တိုက်ဖွန်း မုန်တိုင်းသည် Mindanao ကျွန်း အရှေ့မြောက်ဘက် Central Visayas နှင့် Caraga ဒေသတို့တွင် ဖြစ်ပွားခဲ့ ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီ(NDRRMC) က ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံးသူ ၅၈ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် လေးဦးကိုသာ မည်သူမည်ဝါဖြစ်သည်ကို အတည် ပြုနိုင်ခဲ့သည်။ လူ ၁၈ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း အေဂျင်စီက  ထုတ်ပြန်ခဲ့သည်။

 

တိုက်ဖွန်းမုန်တိုင်း Rai ဒဏ်အဆိုးဆုံးခံစားရသော ဒေသတစ်ခုဖြစ်သည့် Bohol ပြည်နယ်၌ ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံးသူ ၉၄ ဦးရှိသည်ဟု အတည်ပြုကြောင်း Bohol ပြည်နယ်အုပ်ချုပ်ရေးမှူး Arthur Yap ထံမှ သိရပြီး ၁၈ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု ဆိုသည်။

 

ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးအေဂျင်စီက တိုက်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သန်းနီးပါး ဘေးဒဏ်သင့်ခဲ့ပြီး ဒေသခံ ၄၄၂,၄၂၄ ဦး ပြောင်းရွှေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

 

ကနဦး ခန့်မှန်းခြေ ပျက်စီးဆုံးရှုံးမှုမှာ လယ်ယာစိုက်ပျိုးရေးတွင် ပီဆို ၁၁၈ ဒသမ ၂၈ သန်း (အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်း) နှင့် အခြေခံအဆောက်အအုံပိုင်းတွင် ပီဆို ၂၂၅ ဒသမ ၁၇ သန်း(အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း) ဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

 

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် တိုက်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ  Mindanao ကျွန်းပေါ် အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းကာ Siargao ကျွန်းအတွင်းသို့ ပထမဆုံး ဝင်ရောက်တိုက်ခတ်ခဲ့ ကြောင်း သိရသည်။

 

တိုက်ဖွန်းမုန်တိုင်း Rai သည် ဖိလစ်ပိုင်နိုင်ငံ၌ သုံးရက်ကြာ တိုက်ခတ်ခဲ့ပြီး ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုကျမှုများ ဖြစ်ပွားကာ အဓိက Luzon ကျွန်းရှိ နေရာတစ်ချို့အပါအဝင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ များတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

“ပျက်စီးမှုတွေကို စိစစ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပျက်စီးမှုက ကြီးမားပါတယ်။ တိုက်ဖွန်းမုန်တိုင်းက မြေပြင်ပေါ်က အကုန်လုံးကို ပြောင်တလင်းခါအောင် ဖြိုဖျက်သွားခဲ့ပြီးတော့ လျှပ်စစ်မီး၊ ရေနဲ့ အစားအစာ မရှိတော့ပါဘူး“ ဟု ကာကွယ်ရေးဝန်ကြီးနှင့် NDRRMC ဥက္ကဋ္ဌ Delfin Lorenzana က ပြောကြားခဲ့သည်။

 

အစိုးရအနေဖြင့် ယခုအခါတွင် အစားအစာနှင့် ရေပြတ်လတ်မှုကို ဖြေရှင်းနေသည့်အပြင် ထိခိုက်ဒဏ်ရာရရှိ သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ထောက်ပံ့ပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

“ဘေးဒဏ်သင့်ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပို့ဆောင်ဖို့ သင်္ဘောတွေ၊ လှေတွေ၊ လေယာဉ်တွေနဲ့ ကုန်တင်ကားတွေလိုမျိုး ရရှိနိုင်တဲ့အရာတွေအားလုံး စေလွှတ်ဖို့နဲ့ လိုအပ်ရင် တပ်ဖွဲ့ဝင်တွေ နေရာချထားပေးဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်” ဟု Lorenzana က ပြောကြားခဲ့သည်။

 

တစ်ချိန်တည်းမှာပင် NDRRMC ပြောရေးဆိုခွင့်ရှိသူ Mark Timbal က ရေလွှာလှိုင်းစီးရန် နာမည်ကြီးသည့် Siargao ကျွန်းသို့ရောက်ရှိနေသော နိုင်ငံခြားသား ၂၉ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြော ကြားခဲ့သည်။ ယင်းခရီးသွားများအား မည်သူမည်ဝါဖြစ်သည်တို့ကို ခွဲခြားနိုင်ခဲ့ပြီး ၎င်းတို့သည် အခြေအနေ ကောင်းမွန်စွာရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ Mark Timbal က ဖြည့်စွက်ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ #ဖိလစ်ပိုင်တိုက်ဖွန်းမုန်တိုင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post