အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ချို့၏ အကာအကွယ်ဖြင့်နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာ၌ လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ် တားဆီးပေးရန် ဒုချုပ်ပြောကြား
PUBLISHED - November 17, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၇
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ချို့၏ အကာအကွယ်ဖြင့်နှစ်နိုင်ငံနယ်စပ်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်ရာ၌ လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထိုင်းနိုင်ငံဘက်မှ ပူးပေါင်းကာကွယ် တားဆီးပေးရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ (၁၆)ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ Double Tree Hotel ရှိ Strait-1 ခန်းမ၌ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာ ကလာ အူပလော့တွတ် (Pana Claew-plodtook)နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ဒုချုပ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါး၊ တရားမဝင်နယ်စပ် ကုန်သွယ်ရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် တားဆီး ကာကွယ် နှိမ်နင်းလျက်ရှိမှုကိစ္စရပ်များစသည်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် အထိမ်း အမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရပါတယ်။
မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၇) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (27th ASEAN Chiefs of Army Multilateral Meeting- 27th ACAMM) သို့ တက်ရောက်မည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မလေးရှားတပ်မတော်မှ အရာရှိကြီးများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့သည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ပြီး မလက္ကာမြို့ရှိ Double Tree Hotel သို့ရောက်ရှိကြရာ မလေးရှားတပ်မတော်မှ အမှတ် (၁၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဒါတိုဆဖ်ဝမ် နှင့်တာဝန်ရှိသူများက ကြိုဆိုကြပါတယ်။
#PeopleMedia