• Follow Us on
Latest News

Home AA မှ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နစကထုတ်ပြန်

AA မှ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နစကထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁၈

 

AA အကြမ်းဖက်သောင်းကျန်းသူများမှ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထား သည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာနေရာ များကို Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများသို့လည်းကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေးအတွင်းသို့လည်းကောင်း၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့၊ ကသဲ ရပ်ကွက်အတွင်းသို့ လည်းကောင်း၊ မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးသို့ လည်းကောင်း၊ မတ်လ ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၆ရက်နေ့နံနက်ပိုင်းတွင်လည်း စစ်တွေမြို့၊ စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအပါအဝင် လူနေရပ်ကွက်များအတွင်းသို့ စုစုပေါင်း ၁၃ ကြိမ် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင် ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

AA အကြမ်းဖက်သောင်းကျန်းသူများသည် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက်ကြီး များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးအဆောက်အဦများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသဖြင့် ယင်းသို့ စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းနှင့် လူနေရပ်ကွက်များအား ရည်ရွယ်ချက် ရှိစွာ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ပင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post