• Follow Us on

Home လာမယ့်နှစ်မှာ ချင်းမိုင်မြို့မှာ လျှပ်စစ်ပြိုင်ကား ပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

လာမယ့်နှစ်မှာ ချင်းမိုင်မြို့မှာ လျှပ်စစ်ပြိုင်ကား ပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

Formula E race ခေါ် လျှပ်စစ်ပြိုင်ကား ပြိုင်ပွဲကို ချင်းမိုင်မြို့မှာ လာမယ့်နှစ် ဖေဖော်ဝါရီလထက် နောက်မကျ စေဘဲ ကျင်းပသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က တနင်္ဂနွေနေ့ (မတ်လ ၁၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

လာမယ့်နှစ်မှာ လျှပ်စစ်ပြိုင်ကား ပြိုင်ပွဲ (Formula E event) တစ်ပွဲကျင်းပဖို့အတွက် ဖြစ်နိုင်ခြေရှိတာတွေကို လေ့လာဖို့ ချင်းမိုင်မြို့ကိုရောက်ရှိနေတဲ့ ABB FIA လျှပ်စစ်ပြိုင်ကားကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲအဖွဲ့ချုပ် (ABB FIA Formula E World Championship) က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးနောက်မှာ ဝန်ကြီးချုပ်က သတင်း ထောက်တွေကို အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က ၎င်းရဲ့ပြင်သစ်စခရီးစဉ်အတွင်း ABB FIA လျှပ်စစ်ပြိုင်ကားကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲအဖွဲ့ချုပ် တာဝန် ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံမှာ လျှပ်စစ်ပြိုင်ကား ပြိုင်ပွဲကျင်းပဖို့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ ပါတယ်။

 

Formula E ပြိုင်ပွဲကျင်းပခြင်းအားဖြင့် ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုစိတ်ဝင်စားလာပြီး ကမ္ဘာလှည့် ခရီးသွား ဗဟိုချက်မနိုင်ငံဖြစ်လာဖို့ ပိုမိုနီးစပ်လာနိုင်တယ်လို့ ဝန်ကြီးချုပ်ဆရက်ထာက ယုံကြည်ထားပါတယ်။

 

ပြိုင်ပွဲကျင်းပနိုင်ရေး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေအတွက် သက်ဆိုင်ရာအရာရှိတွေနဲ့ ဆွေးနွေးပြောဆိုခဲ့ပြီး ပြိုင်ပွဲကို ချင်းမိုင် အနှစ် ၇၀၀ အားကစားကွင်းမှာဖြစ်စေ ရာဂျာပရက်တော်ဝင်ဥယျာဉ်ကြီးအတွင်းမှာဖြစ်စေ ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဒါ့အပြင် အခုလို Formula E ပြိုင်ပွဲကျင်းပတာကြောင့် လျှပ်စစ်ကားထုတ်လုပ်ရေးဗဟိုချက်မဖြစ်လာအောင် ကြိုးပမ်းနေတဲ့ ရည်မှန်းချက်နဲ့ ပိုမိုနီးကပ်လာမှာဖြစ်တယ်လို့လည်း ဆရက်ထာက ယုံကြည်ထားပါတယ်။

 

တစ်ယောက်စီး လျှပ်စစ်ပြိုင်ကားလေးတွေနဲ့ ပြိုင်ကားချန်ပီယံတွေရဲ့ စွမ်းရည်တွေကို အဆင့်မြင့်မြင့် ထုတ်ဖော် ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Formula E ဝါသနာရှင်တွေအနေနဲ့လည်း နောက်နှစ်တွေမှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ သဘာဝအလှ တွေ နဲ့ ယဉ်ကျေးမှုတွေကို ခံစားဖို့အတွက် ချင်းမိုင်မြို့ကို ပြန်လည်ရောက်ရှိလာဖို့ မျှော်လင့်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

Ref: Srettha convinced Chiang Mai will win bid to host Formula E race early next year

 

#PeopleMedia


Share this post