• Follow Us on

Home ကမ္ဘောဒီးယားနိုင်ငံ ရီး (မ်) ရေတပ်စခန်းမှာ တရုတ်စစ်သင်္ဘောတွေ အမြဲတမ်းတပ်ဖြန့်ချထားတာတွေ့ရှိရဟုဆို

ကမ္ဘောဒီးယားနိုင်ငံ ရီး (မ်) ရေတပ်စခန်းမှာ တရုတ်စစ်သင်္ဘောတွေ အမြဲတမ်းတပ်ဖြန့်ချထားတာတွေ့ရှိရဟုဆို

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၆

 

တရုတ်ရေတပ်စစ်သင်္ဘောတွေဟာ ကမ္ဘောဒီးယားနိုင်ငံ ရီး (မ်) ရေတပ်စခန်းမှာ အမြဲတမ်းတပ်ဖြန့်ချထားလိုက် ပြီဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူတစ်ဦးက Newsweek ကို ပြောပါတယ်။

 

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ စစ်သင်္ဘောတွေ ရီး (မ်) ရေ တပ်စခန်းမှာ တပ်ဖြန့်ထားဆဲဖြစ်တာကို တွေ့ရပါတယ်။

 

“တရုတ်စစ်သင်္ဘောနှစ်စီးဟာ မိခင်နိုင်ငံကို မပြန်တော့ဘဲ အဲဒီရေတပ်စခန်းမှာပဲကျောက်ချရပ်နားနေတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့မြင်ရပါတယ်။” လို့ ဝါရှင်တန်ခြေစိုက်ပညာရှင်အဖွဲ့ဖြစ်တဲ့ CSIS အဖွဲ့ရဲ့ ထိပ်တန်း အဖွဲ့ဝင် ဂရီကိုရီပိုးလင်းန်က ပြောပါတယ်။

 

“ဒီရေတပ်စခန်းကို တရုတ်စစ်သင်္ဘောတွေအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတာဖြစ်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ် နားလည်မှုစာချွန်လွှာ (MoU) အရ တရုတ်စစ်သင်္ဘောတွေအတွက် ဒီနေရာကို သီးသန့်ခွင့်ပြုထားတာဖြစ် ပါတယ်။ လက်ရှိအချိန်မှာ တရုတ်သင်္ဘောတွေ အမြဲတမ်းအခြေစိုက်မှု စတင်နေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရီး (မ်) ရေတပ်စခန်းမှာ တရုတ်စစ်သင်္ဘောတွေ အလှည့်ကျ တာဝန်ပြောင်းလဲထမ်းဆောင်သွားမှာကို မြင်ရနိုင် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရီး (မ်) ရေတပ်စခန်းမှာ တရုတ်စစ်သင်္ဘောတွေရောက်ရှိနေတဲ့ပုံကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ကမ္ဘော ဒီးယားကာကွယ်ရေးဝန်ကြီး တီးဆိုင်ဟာရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာတင်ထားတာ ပထမဦးဆုံးစတင်တွေ့ရှိရ တာဖြစ်ပါတယ်။

 

တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်ဟာ တရုတ်စစ်သင်္ဘောတွေ ကမ္ဘာတစ်လွှားခြေဆန့်နိုင်ဖို့အတွက် သမုဒ္ဒရာ ရေ နက်ပိုင်းနေရာမျိုးစုံကို တပ်ဖြန့်နိုင်တဲ့ ပင်လယ်ပြာရေတပ် (blue-water navy) တစ်ခု တည်ထောင်ဖို့ ကြိုးပမ်း ခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး ပင်လယ်ရပ်ခြားစစ်စခန်းဟာ အာဖရိကတိုက် ဂျဘူးတီနိုင်ငံအနီးရှိ အာဖရိက ဦးချို မှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းဖြစ်ပြီး အဲဒီစခန်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ကို အမြဲတမ်းတပ်ဖြန့်ချထားတယ်လို့ ဆိုပါတယ်။

 

ဂျဘူးတီနိုင်ငံအနီးရှိ အာဖရိကဦးချိုရေတပ်စခန်းနဲ့ ကမ္ဘောဒီးယားက ရီး (မ်) ရေတပ်စခန်းတို့အပြင် တရုတ်နိုင်ငံ ဟာ မြန်မာ၊ ကျူးဘား၊ အီကွေတောရီးယားဂီနီ ၊ ပါကစ္စတန်၊ ဆေးရဲှလ်၊ သီရိလင်္ကာ၊ တာဂျစ်ကစ္စတန်၊ တန်ဇီး နီးယားနဲ့ UAE နိုင်ငံတို့မှာလည်း စစ်စခန်းတွေတည်ဆောက်ဖို့ စဉ်းစားနေကြောင်း မတ်လ ၁၁ ရက်နေ့က ထုတ် ပြန်ခဲ့တဲ့ အမေရိကန်အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (ODNI) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

နိုင်ငံမှာ တရုတ်ရေတပ်စခန်းလာရောက်ဖွင့်လှစ်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ကမ္ဘောဒီးယားဝန်ကြီး ချုပ်ဟွန်မာနက်က ဇန်နဝါရီလအစောပိုင်းက ပြောပါတယ်။

 

“သတင်းစာတွေမှာ ရီး (မ်) ရေတပ်စခန်းအကြောင်း မကြာခဏဖော်ပြတာနဲ့ပတ်သက်ပြီး ကျွန်တော် ထပ်မံပြော ကြားလိုပါတယ်။ နိုင်ငံပိုက်နက်ထဲမှာ နိုင်ငံခြားတပ်စခန်းတွေ လာရောက်ဖွင့်လှစ်တာကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံမှာမဟုတ်သလို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့စစ်ဆင်ရေးတွေကလွဲလို့ ကမ္ဘောဒီးယားတပ် တွေကိုလည်း ဘယ်နယ်မြေပေါ်မှာမှ သွားရောက်တပ်ဖြန့်ချထားမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၃ မှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါတယ်။” လို့ ဝန်ကြီးချုပ်ဟွန်မာနက်က ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောပါတယ်။

 

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ရဲ့ ဂြိုဟ်တုဓာတ်ပုံတွေမှာတော့ ကမ္ဘောဒီးယားနိုင်ငံ ရီး (မ်) ရေတပ်စခန်းမှာ တရုတ်စစ်သင်္ဘောတွေ အမြဲတမ်း တပ်ဖြန့်ချထားတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

 

Ref: Chinese warships permanently deployed to new overseas naval base

 

#PeopleMedia


Share this post