• Follow Us on
Latest News

Home ချူအင်လိုင်းတန်ဆောင်းပြန်လည်ပြုပြင်မွမ်းမံပြီး၍ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်ဖွင့်လှစ်

ချူအင်လိုင်းတန်ဆောင်းပြန်လည်ပြုပြင်မွမ်းမံပြီး၍ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်ဖွင့်လှစ်

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း ပြန် လည်ပြုပြင်မွမ်းမံပြီး၍ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

“တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းဟာ မြန်မာနိုင်ငံသို့ ၉ ကြိမ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၆၁ ခုနှစ်က လာရောက်ခဲ့တုန်းက တန်ဆောင်းဆောက်လုပ် လှူဒါန်းခဲ့ရာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီနေ့ မိမိအနေနဲ့ တန်ဆောင်းအဆင့်မြှင့်တင် ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်တာဟာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို အမွေဆက်ခံတာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ရှင်းလင်းတဲ့ ရပ်တည်ချက်ကို ထင်ဟပ်စေပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေက နှစ်နိုင်ငံ ပြည်သူတွေကို ပိုမိုအကျိုး ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောသည်။

 

ယင်းနောက် နိုင်ငံခြားရေဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ယနေ့ မိမိတို့ စုဝေးရောက်ရှိနေကြ သည့် ချူအင်လိုင်းတန်ဆောင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထင်ဟပ်ပြသရာ ရောက်စေပါကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှုများမှတဆင့် အနာဂတ် မျိုးဆက်သစ်များဆီသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို လက်ဆင့်ကမ်းပေးနိုင်ပြီး တရုတ် – မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည် ထောင်ရေးဆီသို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း ပြောသည်။

 

၂၀၁၆ ခုနှစ် ဩဂုတ်၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၄၂၅ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ပြည်နယ်စီမံခန့်ခွဲရေး ပူးပေါင်းအလုပ်အမှုဆောင်အဖွဲ့ကို စေလွှတ်ပြီး မြန်မာနိုင်ငံမှ ပျက်စီးမှုကြီး မားသည့် ဘုရား ၂၁ ဆူကို လေ့လာစစ်တမ်း ကောက်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် MoU ရေးထိုးခဲ့ကြကာ တရုတ်နိုင်ငံအထောက်အပံ့ဖြင့် သဗ္ဗညုတဘုရားပြုပြင်ရေး စီမံကိန်းလုပ်ငန်းများကို ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post