• Follow Us on
Latest News

Home တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လျှင် အာဆီယံ၌ ၁၀ နှစ်အတွင်း ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိမည်ဟု ယုံကြည်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောဆို

တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လျှင် အာဆီယံ၌ ၁၀ နှစ်အတွင်း ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိမည်ဟု ယုံကြည်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောဆို

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၃ (People Media)

 

တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လျှင် အာဆီယံ၌ အလယ်အလတ်အဆင့်ရှိသည့် နိုင်ငံအဖြစ် ၅ နှစ် အတွင်း ရောက်နိုင်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်း၌ ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိမည်ဟု ယုံကြည်ကြောင်း န-စ-ကဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

 

စက်တင်ဘာ ၂၂ ရက်နေ့၌ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ န-စ-က ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုလိုက်သည်။ အဆိုပါ အစည်းအဝေးကို န-စ-က အစိုးရအဖွဲ့၏ အဆင့်မြှင့်အရာရှိများ၊ န-စ-က အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

“မိမိတို့ တက်ညီလက်ညီနှင့် ကြိုးစားအားထုတ်လုပ်ဆောင်မည်ဆိုပါက အာဆီယံတွင် အလယ်အလတ် အဆင့်ရှိ နိုင်ငံအဖြစ် ၅ နှစ်အတွင်းရောက်နိုင်မည်ဖြစ်ပြီး ၁၀ နှစ်အတွင်းတွင် အာဆီယံထိပ်တန်းနိုင်ငံ အဖြစ်ရောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး လူသားအရင်းအမြစ်များ၊ စုစည်းညီညွတ်သည့် စိတ်ဓာတ်များ၊ မြေပေါ်၊ မြေအောက်သယံဇာတများကို ပေါင်းစည်းအသုံးပြုနိုင်မည်ဆိုပါက မဖြစ်နိုင်စရာ အကြောင်းမရှိကြောင်း” န-စ-ကဥက္ကဋ္ဌက ပြောဆိုသည်။

 

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ သဘာပတ်ဝန်းကျင်၊ သယံဇာတများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာမှုများကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ သည့် အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းသုံး သစ်ထုတ်လုပ်မှုအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သက်တမ်းရှိသစ်များကို စည်းမျဉ်းစည်းကမ်းများနှင့် ထုတ်လုပ်ရန်လိုကြောင်း၊ သစ်ခိုးမှုနှင့် တရားမဝင်သစ်စက်များ ပပျောက်စေရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများက အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်းပြောဆိုသည်။

 

ထိုနောက် အခွန်ကိစ္စနှင့်စပ်လျဉ်း၍ အစိုးရတစ်ရပ်သည် အခွန်ပေါ်တွင်ရပ်တည်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အခွန်တိုးမြှင့်ကောက်ခံခြင်းထက် အခွန်ထမ်းပြည်သူများ တိုး တက်လာရေးအတွက် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလဖြစ်သည့်အတွက် အခွန် ငွေရရှိမှုလျော့နည်းပြီး အခွန်လျှော့ချပေးရမှုများလည်းရှိကြောင်း၊ အခွန်ကောက်ခံမှုမရရှိစေရန်နှင့် အခွန်ပေး ဆောင်မှုမပြုလုပ်စေရန် CDM ပြုလုပ်သည့် ဝန်ထမ်းများက နိုင်ငံရေးအရ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယင်းကို ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းသည် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုပြီး အစိုးရ၏ လုပ်ငန်းများ အောင်မြင်အောင် ထမ်းဆောင်ရန်လိုကြောင်း၊ ထို့ပြင် စာရင်းဇယားများ လိမ်လည်ပြီး အခွန်ပေး ဆောင်ရန် ရှောင်ရှားမှုများ ပြုလုပ်သည်ကိုလည်းတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် အခွန်ပေးဆောင်မှုမရှိသူများ များပြားလျက်ရှိကြောင်း၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ နည်းပညာတိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခွန်အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုကြောင်း ဆက်လက်ပြောဆိုသည်။

 

ချေးငွေနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် ဝင်ငွေမရရှိဘဲ ဆောင်ရွက်ရသည့်လုပ်ငန်းများကြောင့် ချေးငွေများပြား လာကြောင်း၊ စီးပွားရေးလုပ်ငန်းများ မအောင်မြင်ရခြင်း၏ နောက်ဆက်တွဲသည် ကြွေးမြီများပြားလာခြင်းဖြစ် ကြောင်း၊ အချို့နိုင်ငံများတွင်လည်း ကြွေးမြီများရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပကြွေးမြီရယူမှုကို လျှော့ ချနိုင်စေရန် ပြည်တွင်းထုတ်ကုန်တိုးတက်အောင်ဆောင်ရွက်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းများကို စီးပွားရေးအရ တွက်ခြေ ကိုက်စေရန်၊ အကျိုးရှိရှိ အသုံးချသွားရန်လိုကြောင်း ထပ်မံပြောဆိုသည်။

 

ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရပ်ဆိုင်းထားသည့်အတွက် တိုင်းပြည်အတွက် များစွာနစ်နာ မှုများရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆက်လက်လည်ပတ်နိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကို ကုန်ထုတ်စွမ်းအား မြင့်မားလာစေရန် အတွက် နည်းပညာမြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်ရသည့် တိုင်းပြည်၏ အခြေခံ ကုန်ထုတ်လုပ်မှု မြှင့်တင်သည့်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့ဖြစ်၍ သက်ဆိုင် ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျစိစစ်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံ တော်ဝန်ကြီးချုပ်က ပြောဆိုသည်။

 

ဆက်လက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်အပေါ် မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို လျှော့ချသွားရမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် သစ်ထုတ်လုပ်မှုနှင့် ကျောက်မျက်ရတနာထုတ်လုပ်မှုကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်သင့်သည့် ပမာဏကိုသာ ထုတ်လုပ်သွားရန်လိုကြောင်း၊ စွမ်းအင်ရရှိရေး အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုသာ အဓိကထား ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ဆောင်ရွက်ရာတွင် ရှိရင်းစွဲအခြေခံများကို အသုံးချဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် ဖြစ်နိုင်သည့် အခြေအနေများ အပေါ်မူတည်၍  မျှော်မှန်းချက်များကို ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် နိုင်ငံနှင့် လူမျိုးတို့၏ National Characterisitcs နှင့် ပကတိအခြေအနေများကိုက်ညီရန်လိုအပ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင်လည်း သတ်မှတ်သည့် ပန်းတိုင်ရောက်ရှိအောင် ရှိရင်းစွဲအရင်းအမြစ်များကို အပြည့်အဝအသုံးချ၍ ပြည်သူကိုနေရာ ပေးကာ ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post