တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ပါ၀င် ဆင်နွှဲ
PUBLISHED - November 25, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၅
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌လည်း ယမန်နေ့ ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက စေတီတော်မြတ်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိ ပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့် (သာမည ဖလအခါတော်နေ့) တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။
အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း၌လည်း လမ်း၊ အဆောက်အအုံများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ရှုမငြီးဖွယ်ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအပါအဝင် ဘုရား၊ စေတီပုထိုးများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများက တန်ဆောင်မုန်းလပြည့်အခါသမယ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုခြင်းများဖြင့် ကုသိုလ်ယူကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း၊ မီးပုံးများ လွှတ်တင်ခြင်း၊ ဈေးရောင်းပွဲတော်များ၊ နိဗ္ဗာန်ဈေးပွဲတော်များ၌ လည်ပတ်ကြည့်ရှုခြင်းတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲကြသည်။
အလားတူ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများဖြင့် အထူးစည်ကားလျက်ရှိရာ အများပြည်သူများအနေဖြင့် တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။
#PeopleMedia