ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ တရားခံ အောင်ဇော်မင်းခန့်ရဲ့ ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်မှာ ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၃ သိန်းကျော် ဖမ်းဆီးရမိ
PUBLISHED - November 19, 2026
နေပြည်တော်၊ နိုဝင်ဘာ ၁၉
ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ တရားခံ အောင်ဇော်မင်းခန့်ရဲ့ ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်မှာ ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၃ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တရားခံ ၂ ဦး ထံမှ စိတ်ကြွဆေးပြား ၅၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တရားခံ ၆ ဦးနှင့်အတူ စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းဖြူ ၁၆ ဒသမ ၃၉၆ ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူ အောင်ဇော်မင်းခန့် ၄၂ နှစ်၊ ကံကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရှိရ၍ သတင်းဖလှယ် ပေးပို့ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်၌ ဖမ်းဆီးရမိခဲ့သဖြင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယင်းနောက် အောင်ဇော်မင်းခန့် ၏ ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများအား ဂိုဒေါင်ငှားရမ်းပြီး သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၄)ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်ရှိ ဂိုဒေါင်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၃ ဒသမ ၅ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၅ ဒသမ ၀၂၅ ဘီလီယံ)အား မထက်ထက်အောင်၊ မနှင်းနုနုလှိုင် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
၎င်းနောက် စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်မင်းခန့်သည် မူးယစ်ပြစ်မှုများကျူးလွန်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့်ကာလတွင် မူးယစ်ဆေးဝါး နိုင်ငံဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်မှုကို အကြိမ်ကြိမ်ကျူးလွန်ရာ၌ ၎င်း၏အစီအမံဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နေ အခြားမူးယစ်အမှုများမှ အလိုရှိတရားခံပြေးဖြစ်သူ စိုင်းခမ်းပန်(ခ)အားရှင်း(ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား အောင်ဇော်မင်းခန့်၏ ခိုင်းစေချက်အရ မနှင်းနုနုလှိုင်မှ လက်ခံ၍ ဂိုဒေါင်ငှားရမ်းသိုလှောင်ပြီး တမူးမြို့နေ မဟောက်မန်းကျိန်(ခ)မငယ်(ဖမ်းဆီးရန်ကျန်)နှင့် လာရောက်လက်ခံယူသူများကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် မထက်ထက်အောင်မှ မူးယစ်ဆေးဝါးများ ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအတွက်ကြောင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#PeopleMedia