• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ဧရာ၀တီတိုင်းဝန်ကြီးချုပ် MILLCO ပေါင်းဆန်စက်နှင့် ပုသိမ်ပေါ်ဆန်းမွှေး မူလမွှေးရနံ့နှင့် အရည်အသွေးများပြန်လည်ရရှိရေး သုတေသန စမ်းသပ်စိုက်ခင်းအား သွားရောက် စစ်ဆေး

နိုင်ငံတော်သမ္မတနှင့် ဇနီး သီတဂူဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညို

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၆

 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် သီတဂူ ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။

 

နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူစက္ခုဒါန ဆေးရုံတော်သို့ရောက်ရှိကြပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတက သီတဂူဆရာတော်ဘုရားကြီးထံ သာသနာတော်ထွန်းကား ပြန့်ပွားရေး ဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှဩဝါဒကထာများကိုနာယူသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က သီတဂူစက္ခုဒါန ဆေးရုံတော်အတွက် အလှူငွေများနှင့်လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် သီတဂူစက္ခုဒါနဆေးရုံတော်အတွင်း မျက်စိခွဲစိတ်လူနာများအား ကုသပေးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးပြီး သီတဂူ စက္ခုဒါနဆေးရုံတွင် လာရောက် ကုသခွဲစိတ်မှုခံယူထားသည့် ပြည်သူများနှင့် မျက်စိခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအားတစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

 

အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၊ သီတဂူစက္ခုဒါနဆေးရုံတော်တွင် အခမဲ့မျက်စိ ခွဲစိတ်ကုသမှုများကို ၂၀၂၃ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအကြိမ်အထိ လာရောက် မျက်စိစမ်းသပ်သူ ပြင်ပလူနာ ၂၅၀၂၇ ဦးကိုစမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း၊ ခွဲစိတ်လူနာ ၇၉၀၀ ကျော်ကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိုအထဲမှ ၅၂၂ ဦးအား လေဆာဖြင့် ခွဲစိတ် ကုသခြင်းများကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ၊ တပ်မတော်ဆေးရုံကြီး (ကုတင်- ၁၀၀၀) တွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် သက်တော် ၉၂ နှစ် ဝါတော် ၇၂ ဝါရှိ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယ၊ တိပိဋက ဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ကျေးဇူးတော်ရှင်သက်တော်ရှည် ဆရာတော်ကြီးဘဒ္ဒန္တ သုဓမ္မာစာရာ ဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး တာဝန်ရှိသူများအား ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကိုမေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

#PeopleMedia


Share this post