• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ လုံးဝသည်းခံမှုမရှိသည့်မူဝါဒ (Zero-tolerance policy)ဖြင့် ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နားခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၈

 

ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နားခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်သမ္မတထံမှ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သဘောထားပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးအထိ ပညာသင်ယူခွင့်များ ပိုမိုရရှိစေရေး၊ ပညာရေးကဏ္ဍ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး တိုးချဲ့ဖော်ဆောင်ရေး၊ သင်ကြားရေးနှင့်လုပ်ငန်းခွင် လိုအပ်ချက်များ ကိုက်ညီစေရေး၊ ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြှင့်တင်ရေးနှင့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်း ပြောသည်။

 

ပညာရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း တိုးမြှင့်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်းကို ခွဲဝေသုံးစွဲသွားမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ၏ ပညာရေးဆိုင်ရာ အသုံးစရိတ်များကိုပါ ထည့်တွက်မည်ဆိုပါက ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ၉ ဒသမ ၂၂ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန်ဆောင်ရွက်ထားကြောင်း၊ ထို့အပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်နှင့် မိမိတို့အစိုးရ၏ ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိရောက်ရှိစေရန် ရည်မှန်းထားကြောင်း၊ ထိုသို့ ပညာရေးအတွက် ခွင့်ပြုရန်ပုံငွေများ တိုးမြှင့်ရင်းနှီးမြှုပ်နှံခြင်းသည် စာသင်ကျောင်းနှင့် အဆောက်အအုံများ တည်ဆောက်ပေးရုံသာမက ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြှင့်တင်ရန်၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

 

နိုင်ငံတော်သမ္မတက ထို့အပြင် အခြေခံပညာကျောင်းများကို စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ စံကိုက်ကျောင်းများအဖြစ် အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းပိုင်မြေ ၃ ဧကမှ ၅ ဧကအထိ၊ အလယ်တန်းကျောင်းများအတွက် ၅ ဧကမှ ၇ ဧကအထိနှင့် အထက်တန်းကျောင်းများအတွက် ၇ ဧကမှ ၁၀ ဧကအထိဟူ၍ သတ်မှတ်ထားကြောင်း၊ ကျောင်းဆောင်သစ်များ၊ အကြီးစားပြုပြင်မွမ်းမံမှုများ၊ ဘက်စုံသုံးခန်းမနှင့် အားကစားရုံများ၊ စုဝေးကွင်းများ၊ ခြံစည်းရိုးများ၊ သန့်စင်ခန်းများနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်နေကြောင်း ပြောသည်။

 

အခြေခံပညာရေးပိုင်းတွင် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်နားခဲ့ရသူများ ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို အလေးထားဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေရခြင်းမှာ လူတစ်ယောက်အတွက် ဘဝတစ်လျှောက်လုံး ရှင်သန်ရပ်တည်နိုင်ရန် မူလတန်းပညာအဆင့်တစ်ခုတည်းဖြင့် မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အနည်းဆုံး အလယ်တန်းပညာအဆင့် ပြီးမြောက်မှသာ လူ့ဘဝအတွက် လိုအပ်သည့် အသိဉာဏ်ပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူလတန်းအဆင့်၌ပင် ကျောင်းထွက်မှုများမဖြစ်ပေါ်စေရေးနှင့် KG+9 ပြီးမြောက်သည်အထိ သင်ယူနိုင်ရေးကို အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

 

နိုင်ငံတော်သမ္မတက မောင်တို့မယ်တို့သည် အထက်တန်းပြဆရာများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ အထက်တန်းအဆင့် တက်ရောက်လာသည့် ကျောင်းသားများသည် နိုင်ငံတော်မှ အနိမ့်ဆုံးသတ်မှတ်ထားသည့် KG+9 ပြီးမြောက်အောင်မြင်သူများဖြစ်သဖြင့် အထက်တန်းပညာ၊ အဆင့်မြင့်ပညာကို စိတ်အားထက်သန်စွာဖြင့် တတ်မြောက်သင်ကြားလိုသူများလည်းဖြစ်ကြကြောင်း၊ KG+12 ပြီးမြောက်၊ ဖြေဆို၊ အောင်မြင်သူများဖြစ်အောင် အစစအရာရာအားပေးကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းများကို မိမိတို့ တာဝန်ကျရာဒေသများတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မိဘများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်းပြီး လှုံ့ဆော်၊ စည်းရုံး၊ ပံ့ပိုးအားပေးခြင်းများဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်း ပြောသည်။

 

တစ်ဖက်တွင်လည်း အခြေခံပညာအလယ်တန်းအဆင့်မှစပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံဘာသာရပ်များ သင်ကြားပေးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ ယင်းဘာသာရပ်များနှင့် သက်ဆိုင်သည့် အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးနေကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများကို သင့်လျော်သည့် တက္ကသိုလ်၊ ကောလိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ ယခုနှစ်တွင် Polytechnic University ၃ ခုနှင့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် Polytechnic School များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

 

နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နားခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ ထို့အပြင်ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ထဲရောက်ရှိနေသူများကိုလည်း မိမိတို့ရရှိထားသည့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကတစ်ဆင့် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post